လီဗာပူးလ်အသင်းကတော့ မနေ့ညက Transfer Deadline Day မှာ ပရက်စတန်အသင်းရဲ့ နောက်ခံကစားသမား ဘင်ဒေးဗီစ်ကို အပြီးသတ်ခေါ်ယူခဲ့သလို ရှော်ကေးအသင်းရဲ့ တူရကီနောက်ခံကစားသမား အိုဇန်ခါဘက်ကိုပါ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့သလို အသင်းရဲ့ခံစစ်ပိုင်းအတွက် အင်အားဖြည့်တင်းခဲ့ပါတယ်။ ဒီလို ဆောင်းစျေးကွက်အတွင်းမှာ အသင်းကို ရောက်ရှိလာကြတဲ့ ခံစစ်မှူးသစ်(၂)ယောက်လုံးဟာ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်လိမ့်မယ်လို့ နည်းပြယာဂန်ကလော့ကနေ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit  : Sky Sports

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ အသင်းရဲ့ခံစစ်ပိုင်းက ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အသင်းရဲ့ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗာဂျယ်ဗန်ဒိုက်နဲ့ ဂျိုးဂိုးမက်ဇ်တို့ကို ကာလရှည်ကြာ အနားပေးထားခဲ့ရကာ အခုလည်း နောက်ထပ်ခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ ဂျိုရယ်မာတစ်မှာလည်း ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်တဲ့အတွက် ဆောင်းစျေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာပဲ နောက်ခံကစားသမားသစ်တွေဖြစ်တဲ့ ဘင်ဒေးဗီစ်နဲ့ အိုဇန်ခါဘက်တို့ကို အရခေါ်ယူသွားခဲ့ရပါတယ်။ ဒီလို အသင်းကို ရောက်ရှိလာတဲ့ ကစားသမားသစ်တွေထဲကမှ ခါဘတ်က အနာဂတ်မှာ အသင်းခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာနိုင်တယ်လို့ ကလော့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

တူရကီလက်ရွေးစင် နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ခါဘက်ဟာ လက်ရှိမှာ အသက်(၂၀)အရွှယ်သာ ရှိနေသေးပြီးတော့ ၂၀၁၉ခုနှစ်မှာပဲ ဂါလာတာစာရေး လူငယ်အသင်းကနေ ဂျာမန်ကလပ် စတုဂတ်ကို ရောက်ရှိလာခဲ့ပြီး အဲ့ဒီအချိန်တုန်းက ခါဘက်ဟာ ဆယ်ကျော်သက်အရွှယ်သာ ရှိနေသေးပေမယ့် ပြည်ပထိပ်တန်းကလပ်တွေပါ မျက်စိကျလာတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ စတုဂတ် တန်းဆင်းသွားချိန်မှာတော့ ခါဘက်ဟာ ရှော်ကေးကို ပြောင်းရွှေ့ခဲ့ပြီး အခုလက်ရှိမှာ လီဗာပူးလ်အသင်းဆီကို အငှားနဲ့ ရောက်ရှိလာခဲ့ရပါတယ်။ ဒီလို အသင်းကို ရောက်လာခဲ့တဲ့ ခါဘက်နဲ့ပတ်သက်ပြီး လီဗာပူးလ်နည်းပြကလော့က သူရဲ့မိတ်ဆွေ ရှော်ကေးနည်းပြဟောင်း ဒေးဗစ်ဝက်ဂ်နာဟာ ခါဘက်ရဲ့အကြောင်းကို မကြာခဏထုတ်ပြောတတ်ကြောင်းနဲ့ ဒီကစားသမားလေးဟာ သူပါဝင်ကစားနေတဲ့ ကလပ်အသင်းရဲ့ အနာဂတ် အသင်းခေါင်းဆောင်ကောင်းတစ်ယောက်လည်း ဖြစ်လာနိုင်ကြောင်းကိုပါ ပြောဆိုခဲ့ဖူးကြောင်း ပြန်လည်ရှင်းလင်းပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ခါဘက်ကို ယခင်ကတည်းက ပစ်မှတ်ထားနေတာဖြစ်ပြီး အငှားစာချုပ်အတွင်း အငှားပြည့်မြောက်ပါက ပေါင်(၁၈)သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုထားခဲ့ပါသေးတယ်။