လီဗာပူးလ်အသင်းဟာ နွေဈေးကွက်ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ ဂျုဗင်တပ်စ်အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ အာသာမယ်လိုထက် သူရဲ့ အသင်းဖော်ဟောင်းဖြစ်သူ ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ဒန်းနစ်ဇာကာရီယာကိုသာ ဦးစားပေး ခေါ်ယူချင်ခဲ့တာ ဖြစ်တယ်လို့ အီတလီ မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Daily Mail
ဒါဝင်နူနက်ဇ် အပါအဝင် ကစားသမားသစ်တွေကို ဈေးကွက်အစပိုင်းကတည်းက ခေါ်ယူအားဖြည့်ထားခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ကွင်းလယ်ပိုင်းအတွက်ပါ ထပ်မံ ဖြည့်တင်းဖို့ လိုအပ်လာခဲ့တဲ့အတွက် transfer deadline day မှာပဲ ဂျုဗင်တပ်စ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား အာသာမယ်လိုကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းဟာ အာသာကို ခေါ်ယူခဲ့ခြင်းက အာသာရဲ့ ဂျုဗင်တပ်စ်အသင်းဖော် ဇာကာရီယာကို မခေါ်ယူနိုင်ခဲ့တာကြောင့် plan b အနေနဲ့ အာသာကိုသာ ရွေးချယ် ခေါ်ယူခဲ့တာ ဖြစ်တယ်လို့ အီတလီ အခြေစိုက် အားကစားမီဒီယာတွေကနေ ဖော်ပြထားပါတယ်။
Photo Credit : Football London
မိုချန်ဂလာဘတ် ကစားသမားဟောင်း ဇာကာရီယာဟာ ဘွန်ဒစ်လီဂါမှာ ကစားခဲ့စဉ်ကတည်းက လီဗာပူးလ်အသင်း အလိုရှိခဲ့တဲ့ ကွင်းလယ်လူတစ်ဦးဖြစ်ပြီး အခုဈေးကွက်ထဲမှာပါ လီဗာပူးလ်က သူ့ကို ခေါ်ယူနိုင်ဖို့ ထပ်မံ ကြိုးပမ်းခဲ့သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က လီဗာပူးလ်ထက် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံသွားဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် လီဗာပူးလ်က ဒုတိယ ဦးစားပေးအနေနဲ့ အာသာကို ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ အခုလို အာသာကို မခေါ်ယူခင်ကလည်း လီဗာပူးလ်ဟာ ဒီနွေဈေးကွက်အတွင်း မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီးတို့နဲ့ အပြောင်းအရွှေ့သတင်းအစုံ ထွက်ခဲ့တဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီယောင်းနဲ့ လိုက်ပ်ဇစ် ကွင်းလယ်လူ လိုင်းမားတို့နဲ့ပါ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်က အသက်(၂၆)နှစ်အရွယ် ဘရာဇီးလ် ကွင်းလယ်လူ အာသာကိုပဲ တစ်ရာသီ အငှားခေါ်ယူခွင့် ယူရို(၄.၅)သန်းနဲ့ ခေါ်ယူခဲ့သလို အငှားသက်တမ်း ကုန်ဆုံးချိန်မှာ ပြောင်းရွှေ့ကြေး ယူရို(၃၇.၅)သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူသွားခဲံ့ပါတယ်။ ဘာစီလိုနာ ကစားသမားဟောင်း အာသာဟာ deep-lying playmaker, box-to-box midfielder နဲ့ holding midfielder တွေအဖြစ် ပါဝင်ကစားနိုင်သူဖြစ်လို့ လီဗာပူးလ် ကွင်းလယ်ပိုင်းမှာ အံ့ဝင်ခွင်ကျ ဖြစ်နိုင်ပေမယ့်လည်း မကြာခဏ ဒဏ်ရာပြသာနာတွေနဲ့ ကြုံတွေ့ရတတ်တဲ့ အခြေအနေမျိုး ဖြစ်နေလို့ အာသာကို ခေါ်ယူမှုက စွန့်စားမှုတစ်ခုလို ဖြစ်လာနိုင်ပါတယ်။