ပြီးခဲ့တဲဲ့ ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်ဆုဖလားကြီးကို ပိုင်ဆိုင်ခဲ့သလို ဒီရာသီမှာလည်း အသင်းနဲ့ နှစ်ပေါင်း(၃၀)လောက်ကို ကွာဝေးလို့နေတဲဲ့ ပရီးမီးယားလိဂ်ဆုဖလားကြီးပါ ထပ်မံပိုင်ဆိုင်ဖို့ နီးစပ်လို့နေတဲ့ လီဗာပူးလ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ရှိနေပြီး လက်ရှိမှာ ထွက်ပေါ်လို့နေတဲဲ့ သတင်းတွေအရ နွေစျေးကွက်အတွင်း ကစားသမားသစ်(၂)ယောက်ကို ခေါ်ယူသွားဖို့ ချိန်ရွှယ်လျက်ရှိနေကာ ဒီကစားသမားတွေအတွက် စုစုပေါင်းပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၅၀)လောက်အထိ သုံးစွဲသွားဖွယ်ရှိနေတယ်လို့ Daily Express ကနေ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လတ်တလောမှာ ရက်ဘူးလိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကို အထူးပစ်မှတ်ထားလို့နေပြီး ဝါနာကလည်း လိုက်ပ်ဇစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်အရ လာမယ့်ဇွန်လ(၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ ပေါင်(၅၂)သန်း စာချုပ်လျော်ကြေးပမာဏက သက်ရောက်တော့မှာဖြစ်လို့ အဲ့ဒီ(၂)ပတ်တာအတွင်းမှာ ဝါနာကို လီဗာပူးလ်ဘက်ကနေ အသေအချာ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းက ဝါနာအပြင် ခံစစ်ပိုင်းကိုပါ အားဖြည့်ဖို့ပါရှိနေတဲ့အတွက် နာပိုလီနောက်ခံလူ ကူလီဘလီကိုပါ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ်ရှိနေပါတယ်။

နာပိုလီအသင်းရဲ့ ဆီနီဂေါလက်ရွေးစင်နောက်ခံကစားသမား ကူလီဘလီဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်လို့နေပြီး လီဗာပူးလ်အပါအဝင် မန်ချက်စတာယူနိုက်တက် မန်စီးတီး ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားလျက်ရှိနေပါတယ်။ အီတလီကနေ ထွက်ပေါ်လျက်ရှိနေတဲ့ သတင်းတွေအရတော့ လီဗာပူးလ်အသင်းက ကူလီဘလီကို ခေါ်ယူဖို့အတွက် ထိပ်ဆုံးကနေ ရေပန်းစားလျက်ရှိနေပြီး ကူလီဘလီကို ကမ်းလှမ်းရာမှာ အသင်းရဲ့ ခရိုအေးရှားနောက်ခံလူ ဒီဂျန်လိုဗရန်ကိုပါ အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေပါတယ်။ နာပိုလီအသင်းဥက္ကဌဖြစ်သူ ဒီလော်ရန်းတစ်ကတော့ သူတို့အသင်းသားအတွက် ယူရိုသန်းတစ်ရာလောက်အထိ ရရှိမယ်ဆိုမှသာ အသင်းကနေ လက်လွတ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလို့ထားပါတယ်။