လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မိုဟာမက်ဆာလာရဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး သူ့ဘက်ကနေ အထွေအထူး ပြောစရာ ရှိမနေဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့သလို ကစားသမားတွေရဲ့ စာချုပ်သက်တမ်း တိုးမြှင့်တဲ့ ကိစ္စရပ်တွေမှာလည်း သူဘယ်တော့မှ ပါဝင်ပတ်သက်ခြင်း ရှိမနေဘူးလို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

Photo Credit : Eurosport

အသက်(၂၉)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လီဗာပူးလ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် မကြာသေးခင်ကလည်း ပရီးမီးယားလိဂ်မှာ သွင်းဂိုးရာပြည့်ထားတာ ဖြစ်ပါတယ်။ ဒီလို ဂိုးသွင်းစွမ်းရည် အလွန်ကောင်းမွန်နေတဲ့ ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပေမယ့် အသင်းဘက်က နောက်ထပ် သက်တမ်းတိုးချင်နေသလို ကစားသမားကိုယ်တိုင်ကလည်း သူ့ကို သက်တမ်းတိုးဖို့အတွက် တစ်ပတ်လုပ်ခ ပေါင်(၅)သိန်းဝန်းကျင်နဲ့ ကမ်းလှမ်းလာသင့်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

Photo Credit : 90Min

လတ်တလောမှာ ပြောစရာ ဖြစ်လို့နေတဲ့ ဆာလာရဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး နည်းပြကလော့ပ်က “ဒါနဲ့ပတ်သက်ရင်တော့ ကျွန်တော် ဘာမှပြောစရာ ရှိမနေပါဘူး။ ဒါက ကျွန်တော့်အတွက်ဆိုရင်လည်း ကျွန်တော် ပါဝင်ပတ်သက်လို့ မရတဲ့ ကိစ္စတွေပါ။ မိုဆာလာနဲ့ပတ်သက်ပြီး ကျွန်တော် အာရုံစိုက်ထားတာဆိုလို့ သူရဲ့ခြေစွမ်းပိုင်း အခြေအနေ ဘယ်လိုရှိသလဲ သူဘယ်လောက်ထိ ကောင်းကောင်း ကစားနေနိုင်မလဲ ဆိုတာတွေပါ။ တခြားကိစ္စတွေနဲ့ ပတ်သက်ရင်တော့ ဘာမှပြောစရာ မရှိပါဘူး” လို့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ၂၀၁ရခုနှစ်ကမှ ရိုးမာကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဆာလာဟာ အသင်းနဲ့အတူ ပဥ္စမမြောက် ဘောလုံံးရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးပေမယ့် သူ့ကို ရီးယဲလ်မက်ဒရစ် ဘာစီလိုနာတို့က စိတ်ဝင်စားနေသလို ဆာလာကိုယ်တိုင်ကလည်း စပိန်လာလီဂါမှာ ကစားဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါသေးတယ်။