လီဗာပူးလ် နည်းပြ ဂျာဂျင် ကလော့ပ်ကတော့ လက်ရှိခေတ်မှာ မန်စီးတီး နည်းပြ ဂွါဒီယိုလာက အကောင်းဆုံး နည်းပြ ဖြစ်တယ်လို့ ပြောသွားခဲ့ပြီး သူတို့နှစ်ဦးကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပြိုဘက်နည်းပြ မဖြစ်ခင် ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာလည်း ပြိုင်ဘက်နည်းပြ ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ဒေါ့မွန်အသင်းကို နည်းပြခဲ့တုန်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြ ပက် ဂွါဒီယိုလာနဲ့ ပြိုင်ဘက် နည်းပြတွေ ဖြစ်ခဲ့တာကောင့် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကနေ ပရီးမီးယားလိဂ် ပြိုင်ပွဲအထိ ပြိုင်ဘက် နည်းပြတွေ ဖြစ်နေကြပါတယ်။

Photo Credit: Dailymail

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို လက်ကျန် ပွဲစဉ် (၇) ပွဲ ကစားဖို့ ကျန်နေတဲ့ အချိန်မှာ ရရှိခဲ့တာကြောင့် လက်ကျန် ပွဲစဉ် (၅) ပွဲ ကစားဖို့ ကျန်နေတဲ့ အချိန်မှာ ရရှိသွားခဲ့တဲ့ မန်စီးတီးအသင်းရဲ့ စံချိန်ကို ရိုက်ချိုးပြီး လိဂ်ဖလား အမြန်ဆုံး ရရှိတဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလား ရရှိပြီးနောက် မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းကို (၄-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပြီး နည်းပြ ကလော့ပ်က မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကို မျက်မှောက်ခေတ်မှာ အကောင်းဆုံး နည်းပြ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Dailymail

နည်းပြ ကလော့ပ်က “နည်းပြ ပက် ဂွါဒီယိုလာ လုပ်နေတာတွေကို ကျွန်တော် လေးစားပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်နည်းပြအဖြစ် တွေ့တဲ့ အချိန်မှာ ကျွန်တော် သူ့ကို အနိုင်ရရှိချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် (၁၀၀) ရာခိုင်နှုန်း ရိုးသားတဲ့ အမြင်ကို ပြောရမယ် ဆိုရင် ပက် ဂွါဒီယိုလာက ကျွန်တော်တို့ရဲ့ ခေတ်မှာ အကောင်းဆုံး နည်းပြ ဖြစ်တယ်။ ဒီလိုပြောရတာက ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ဒီလို ပြောလိုက်လို့ ကျွန်တော် ယုံကြည်မှု မကျသွားပါ။ ဒါမှမဟုတ် ဘာမှကို မထိခိုက်သွားပါဘူး။ နည်းပြ ပက် ဂွါဒီယိုလာရဲ့ အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်တွေမှာ ကျွန်တော် အလွန် ကြိုးစားခဲ့ရပါတယ်။ ဂျာမနီနိုင်ငံမှာ ဘယ်နှစ်, နှစ် ဖြစ်မလဲ၊ (၄) နှစ်လား၊ (၃) နှစ်လား၊ ကျွန်တော် မသိတော့ဘူး။ ကျွန်တော် အဲဒီတုန်းက သူ့ကို မှီဖို့ မနီးစပ်ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။