MySport Myanmar

ဂေဟီကို ပေါင် (၆၅)သန်းနဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ အခု နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ အင်္ဂလန် နောက်ခံကစားသမား မက်ခ် ဂေဟီကို ပြောင်းရွှေ့ကြေး ပေါင် (၆၅)သန်းနဲ့ အသင်းဆီ အရ ခေါ်ယူသွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ဒီနွေမှာ ခံစစ်ပိုင်းအတွက် ဂျိရယ်လ် မာတစ်ကို လက်လွတ်ထားခဲ့ရသလို အသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့ အနာဂတ် အခြေအနေတွေကလည်း မရေမရာ ဖြစ်နေရတဲ့အတွက် ဗဟိုခံစစ် ကစားသမားသစ်တစ်ဦးကို ခေါ်ယူဖြည့်တင်းသွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : We are Palace

လီဗာပူးလ်အသင်း ပစ်မှတ်ထားနေတဲ့ ခံစစ်ကစားသမားတွေထဲမှာ အီတလီနဲ့အတူ ယူရို-၂၀၂၄မှာ နာမည်ရလာခဲ့တဲ့ ဘိုလော့ဂ်နာ ခံစစ်မှူး ကာလာဖီအိုရီက ထိပ်ဆုံးနေရာကနေ ပါဝင်နေခဲ့သလို လိုင်လီ ခံစစ်မှူး ယိုရိုကိုလည်း ပစ်မှတ်ထားခဲ့ပေမယ့် ကာလာဖီအိုရီက အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့သာ ဆန္ဒရှိနေသလို ယိုရိုကလည်း မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် အသင်းရဲ့ အဓိကပစ်မှတ်တွေအတွက် နောက်ကောက်ချခံရချိန်မှာ လီဗာပူးလ်က အင်္ဂလန်နဲ့ ယူရို-၂၀၂၄ပြိုင်ပွဲမှာ တောက်လျှောက် ပွဲထွက်ကစားခွင့် ရရှိခဲ့တဲ့ ခံစစ်ကစားသမား ဂေဟီကို ချိန်ရွယ်လာခဲ့ပါတယ်။ ချယ်လ်ဆီး အကယ်ဒမီထွက် ဂေဟီဟာ ၂၀၂၁ခုနှစ်ကတည်းက ပဲလေ့စ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အက်ဇီပြီးရင် ပဲလေ့စ်ရဲ့ တန်ကြေး အမြင့်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit : Eurosport

အသက် (၂၄)နှစ်အရွယ်သာ ရှိသေးတဲ့ ဂေဟီဟာ ဘယ်ညာ နှစ်ဖက်လုံးသန်တဲ့ ဗဟိုခံစစ်ကစားသမား ဖြစ်သလို ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် သူ့ကို လီဗာပူးလ် အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေက စိတ်ဝင်စားလာကြပါတယ်။

ပဲလေ့စ်ကတော့ ဂေဟီလို သူတို့အသင်းအတွက် အရေးပါတဲ့ ကစားသမားကောင်းတစ်ဦးကို အသင်းကနေ အလွယ်တကူ လက်လွတ်မသွားချင်ပဲ ပြောင်းရွှေ့ကြေးကိုပါ မြင့်မားစွာ တောင်းဆိုဖို့ ရှိနေပေမယ့် လီဗာပူးလ်ဘက်ကတော့ ဂေဟီအတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၅)သန်းနဲ့ ခေါ်ယူသွားနိုင်မယ့်လို့ လုံးဝ ယုံကြည်လျက် ရှိနေပါတယ်။

Exit mobile version