ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ လုံးဝကိုရှံးပွဲမရှိသေးပဲ ဖြတ်သန်းထားနိုင်ခဲ့ပေမယ့် မကြာသေးခင်ကမှ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ အသက်လက်တီကိုမက်ဒရစ်အသင်းကို ၁ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ဒီနေ့ညမှာတော့့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဝက်စ်ဟမ်အသင်းကို ဧည့်ခံကစားသွားခဲ့ပြီး ဝက်စ်ဟမ်းရဲ့ တုန့်ပြန်ကစားမှုက မထင်ထားလောက်အောင် ကောင်းမွန်ခဲ့လို့ လီဗာပူးလ်တို့ အနည်းရုန်းကန်ခဲ့ရကာ ၃ဂိုး၂ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်လီဗာပူးလ်အသင်းဟာ သူတို့အမြဲတမ်းနီးပါး အသုံးပြုနေခဲ့တဲ့ လူစာရင်းကို သိပ်အပြောင်းအလဲလုပ်ထားခြင်းမရှိပဲ ဒဏ်ရာရရှိနေတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်နေရာကို ကီတာနဲ့ အစားထိုးထားခဲ့ပြီး ကျန်တဲ့နေရာတွေမှာတော့ ဆာလာ မာနေး ဖာမီနို ဖာဘင်ဟို ဝင်နယ်ဒန် ဗန်ဒိုက် အာနိုး ရောဘတ်ဆန် ဂိုးမက်ဇ်နဲ့ အယ်လီဆန်တို့သာ ပါဝင်လာခဲ့ပါတယ်။ အသင်းခေါင်းဆောင်တာဝန်ကိုတော့ နောက်ခံလူဗန်ဒိုက်က လွဲပြောင်းတာဝန်ယူခဲဲ့ပါတယ်။ ဧည့်သည်ဝက်စ်ဟမ်းဘက်မှာလည်း အန်တိုနီယို နိုဘယ် ဒီကလန်ရိုက်စ် စနိုဂရက်စ် အန်ဒါဆန် ဒီအော့ ဖေဘီယန်စကီးတို့လို အမာခံကစားသမားတွေ အစုံအလင် ပါဝင်လာခဲ့ပါတယ်။ ပွဲအစကတည်းက အားပါးတရ ထိုးဖောက်မှုတွေ ပြုလုပ်လာတဲ့ လီဗာပူးလ် ၉မိနစ်မှာပဲ အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ဝင်နယ်ဒန်က သွင်းယူခဲ့ပေမယ့် ၃မိနစ်အကြာမှာ ဝက်စ်ဟမ်းကလည်း ဒီအော့ရဲ့ခေါင်းတိုက်ဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ချေပဂိုးပေးလိုက်ရပြီး လီဗာပူးလ်ရဲ့တိုက်စစ်ဆင်မှုတွေကို တရစပ်မြင်တွေ့လာခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းကလည်း အရင်ပွဲတွေနဲ့မတူ ထူထူးခြားခြားအနေနဲ့ ခံစစ်အကျစ်လစ်ဆုံးပုံစံနဲ့ ကစားပြခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းအစမှာလည်း လီဗာပူးလ်ကပဲ ပိုမိုဖိအားပေးကစားခဲ့ပေမယ့် တကယ်ဂိုးရသွားတာ ဧည့်သည်ဝက်စ်ဟမ်းအသင်းသာဖြစ်ခဲ့ပြီး လူစားဝင်လာခဲ့တဲ့ ပါဘလိုဖာနယ်စ်က ၅၄မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ မမျှော်လင့်ပဲနဲ့ ဦးဆောင်ဂိုးအထိပါ ခွင့်ပြုလိုက်ရပြီးနောက်မှာတော့ လီဗာပူးလ်တို့ ကီတာကိုထုတ်ပြီး ချိန်ဘာလိန်ကို ထည့်သွင်းလာခဲ့ကာ တိုက်စစ်ကို ပိုမြင့်တင်လာခဲ့ရင်း ၆၈မိနစ်မှာ ဆာလာကန်ချက် ဖေဘီယန်စကီးဖမ်းယူတာ မသေသပ်ခဲ့လို့ ချေပဂိုးပြန်ရခဲ့သလို ၈၁မိနစ်မှာလည်း အာနိုးရဲ့ဖန်တီးမှုကနေတစ်ဆင့် မာနေးက ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူခဲ့ပါသေးတယ်။