ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြိုင်ပွဲရဲ့သမိုင်းတလျှောက် အစောစီးဆုံးပိုင်ဆိုင်နိုင်တဲ့ အသင်းဖြစ်လာဖို့နဲ့ ရှံးပွဲမရှိ ချန်ပီယံဖြစ်လာဖို့အတွက် ပွဲတိုင်းလိုုလို အာရုံစိုက်ပြီး ကစားလျက်ရှိနေတဲ့ လီဗာပူးလ်အသင်းဟာ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)အဖြစ် အမှတ်ပေးဇယားအောက်ဆုံးက နော်ဝစ်ချ်စီးတီးအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကစားပုံ ကျစ်လစ်မှုကြောင့် ဂိုးရအောင်ခက်ခက်ခဲခဲ ကစားခဲ့ရပြီး လီဗာပူးလ်ကပဲ ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့တဲ့ လီဗာပူးလ်အသင်းဘက်မှာ ဆာလာ ဖာမီနို ချိန်ဘာလိန် ကီတာ ဟန်ဒါဆန် ဝိုင်နယ်ဒန် အာနိုး ဗန်ဒိုက် ဂိုမက်ဇ် ရောဘတ်ဆန် အယ်လီဆန်တို့ ပါဝင်လာခဲ့ကြသလို ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ မာနေးနဲ့မီနာတို့လည်း အရန်စာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ကြပါတယ်။ အိမ်ရှင်နော်ဝစ်ချ်အသင်းကလည်း ပွတ်ကီ ကန့်ဝဲလ် ဒူဒါ အာရွန်စ်တို့လို ကစားသမားကောင်းတွေနဲ့အတူ လီဗာပူးလ်ဆီကနေ အမှတ်ခွဲယူနိုင်အောင် ပြင်ဆင်လာခဲ့ပါတယ်။ အမှတ်ပေးဇယား အပေါ်ဆုံးအသင်းနဲ့ အောက်ဆုံးအသင်းတို့ရဲ့အားပြိုင်ပွဲဖြစ်လို့ ပွဲကတစ်ဖက်သတ်ဆန်နေခဲ့ပေမယ့်လည်း နော်ဝစ်ချ်က ဒီပွဲမှာ ခံစစ်ပိုင်းကို အဓိကထားပြင်ဆင်လာခဲ့ပြီး ဖာမီနိုဆီ ရောက်ရှိလာမယ့် ဘောလုံးလမ်းကြောင်းတွေကို ဟန့်တားနိုင်ခဲ့ပါတယ်။ ပထမပိုင်း ၃၅မိနစ်မှာ နော်ဝစ်ချ်ဘက်ကနေ အခွင့်အရေးကောင်းတစ်ခု ရရှိခဲ့ပေမယ့် တိုင်ပင်အောက်ပြီး မရေမရာဖြစ်နေခဲ့လို့ အယ်လီဆန်က လျင်လျင်မြန်မြန်နဲ့ပဲ တားဆီးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ နော်ဝစ်ချ်ဘက်ကနေ ထိုးဖောက်မှုတချို့လုပ်ဆောင်လာနိုင်ခဲ့ပေမယ့်လည်း အချိန်ကြာလာတော့ လီဗာပူးလ်ကပဲ ပြန်လည်ဖိအားပေးလာနိုင်ခဲ့ကာ ဆာလာ ကီတာတို့ရဲ့ ဂိုးဝင်နိုင်လောက်တဲ့ ကန်ချက်တွေကို နော်ဝစ်ဂိုးသမားကရူးက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီလို အဖွင့်ဂိုးရဖို့ ခက်ခဲနေရတာကြောင့် မာနေးကို ထည့်သွင်းလာခဲ့ပြီး တိုက်စစ်ကို မြင့်တင့်ခဲ့ပေမယ့်လည်း နော်ဝစ်ချ်ခံစစ်က တောင်ခံထားနိုင်ခဲ့သလို တိုက်စစ်ကလည်း လီဗာပူးလ်ခံစစ်အတွက် အလုပ်ရှုပ်လာအောင် ထိုးဖောက်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရ၈မိနစ်မှာတော့ မာနေးက ဟန်ဒါဆန် ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို အကောင်းဆုံးပုံစံနဲ့တားယူကာ တစ်ပတ်လည်ကန်သွင်းရင်း အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးလောက်မှာ ပွတ်ကီ အခွင့်အရေးကောင်းရခဲ့ပေမယ့်လည်း အယ်လီဆန် ဖမ်းယူနိုင်ခဲ့လို့ လီဗာပူးလ်ကပဲ ၁ဂိုးတည်းနဲ့ ကပ်အနိုင်ရသွားခဲ့ပါတယ်