ဒီနေ့ ဇွန်လ(၂၅)ရက်နေ့ မနက်(၁)နာရီ(၄၅)မိနစ်အချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ရဲ့ကြာသပတေးနေ့ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံခဲ့ပြီး အိမ်ရှင်လီဗာပူးလ်က တိုက်စစ်စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့ကာ (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

၄-၃-၃ ကစားကွက်ကိုပဲ ဆက်လက်အသုံးပြုလာခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့လူစာရင်းမှာ ဆာလာ ရောဘတ်ဆန်တို့ ပြန်လည်ပါဝင်လာခဲ့သလို မာနေး ဖာမီနို ဝိုင်နယ်ဒန် ဖာဘင်ဟို ဟန်ဒါဆန် အာနိုး ဗန်ဒိုက် ဂိုးမက်စ် အယ်လီဆန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ Form ကောင်းနေတဲ့ ပဲလေ့စ်ကလည်း ဇာဟာ အယူး ကာဟေး တောင်ဆန် ကူယာတေး မက်စ်အာသာ ဂျိုးဝတ် ဆာခို ဗန်အန်ဟော့နဲ့ ဟန်နာဆီတို့ကို အသုံးပြုလာခဲ့ပါတယ်။ လူစုံတတ်စုံ ပါဝင်လာတဲ့ လီဗာပူးလ်တို့ ပွဲအစကတည်းက ပဲလေ့စ်ဘက်ကို တောက်လျှောက်ဖိအားပေးကစားခဲ့ရာ (၂၃)မိနစ်မှာတော့ အာနိုးရဲ့လှပသေသေပ်တဲ့ ဖရီးကစ်ကနေ သွင်းဂိုးစတင်ပိုင်ဆိုင်ခဲ့သလို ပထမပိုင်း ပြီးခါနီးမှာလည်း ဆာလာက ဒုတိယဂိုးကို အနီးကပ်သွင်းယူခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ဆယ်မိနစ်အကြာမှာ လီဗာပူးလ်ကွင်းလယ်ကစားသမား ဖာဘင်ဟိုက အားပါပြင်းထန်လှတဲ့ကန်ချက်နဲ့ ခပ်လှမ်းလှမ်းကနေ ကန်သွင်းပြီး တတိယဂိုးကို ဆက်လက်ရယူခဲ့ပါသေးတယ်။ (၆၉)မိနစ်မှာလည်း ဆာလာရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုကနေတစ်ဆင့် မာနေးက လီဗာပူးလ်အတွက် စတုတ္ထဂိုးကို သွင်းယူခဲ့ပါတယ်။