ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကြီးကို အိမ်ကွင်းအန်ဖီးလ်မှာ စတင်ကိုင်မြှောက်ခွင့် ရရှိသွားတော့မယ့် လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာအတွက် ရလဒ်ကောင်းတွေ ရယူထားဖို့ ဆက်လက်တိုက်ပွဲဝင်နေရမယ့် ချယ်လ်ဆီးအသင်းတို့ ဒီနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)အဖြစ် ရင်ဆိုင်ကစားခဲ့ကြပြီး ချန်ပီယံလီဗာပူးလ်က (၅)ဂိုး(၃)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းကတော့ ဖလားကိုင်မြှောက်ရမယ့်နေ့မှာ အသင်းရဲ့လူစာရင်းကို အင်အားတောင့်တင်းစွာနဲ့ အသုံးပြုလာခဲ့ပြီး ဆာလာ မာနေး ဖာမီနို ဝိုင်နယ်ဒန် ကီတာ ဖာဘင်ဟို ဗန်ဒိုက် အာနိုး ဂိုးမက်ဇ် ရောဘတ်ဆန်နဲ့ အယ်လီဆန်တို့ ပါဝင်လာခဲ့ပါတယ်။ အက်အေဖလား ဖိုင်နယ်ကို တတ်ရောက်ထားတဲ့ ချယ်လ်ဆီးကလည်း အက်အေဖလားပွဲတုန်းက အသုံးပြုခဲ့တဲ့ လူစာရင်းကို ဂိုးသမားတစ်နေရာလေးသာ အပြောင်းအလဲလုပ်ပြီး ဒီလူစာရင်းအတိုင်းနဲ့ ဆက်လက်ပွဲထွက်လာခဲ့ပါတယ်။ အိမ်ရှင်လီဗာပူးလ်က ပွဲအစပိုင်းလောက်မှာသာ ကစားကွက်တည့်မရခဲ့တာဖြစ်ပေမယ့် အသင်းသားတွေရဲ့ အကောင်းဆုံးကန်ချက်တွေကနေ ပထမပိုင်းမှာ သွင်းဂိုး(၃)ဂိုးကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ချယ်လ်ဆီးရဲ့ခံစစ်ပိုင်းက ဒီနေ့ပွဲမှာ အနည်းငယ်အားနည်းနေသလို အဆိုးဆုံးခြေပျက်နေသူကတော့ ရီးစ်ဂျိမ်းစ်ဖြစ်နေပါတယ်။ လီဗာပူးလ်ရဲ့ဂိုးတွေကို ကီတာ အာနိုး ဝိုင်နယ်ဒန်ုတို့က သွင်းယူခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဂျရှးက ပြန်လည်ချေပခဲ့ပါတယ်။

ချယ်လ်ဆီးက ပထမပိုင်းပြီးခါနီးမှာ ချယ်လ်ဆီးတို့ ချေပဂိုးရခဲ့လို့ ဒုတိယပိုင်းမှာ ပြန်လာနိုင်ဖို့ ခွန်အားဖြစ်စေခဲ့ပေမယ့် ဒုတိယပိုင်းမှာလည်း လီဗာပူးလ်ကပဲ ဆက်လက်ဖိအားပေးကစားနေခဲ့ပြီး (၅၅)မိနစ်မှာပဲ အာနိုးရဲ့ဖြတ်တင်ပေးမှုကနေ ဖာမီနိုက နောက်ထပ်ဂိုးတစ်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးပြတ်အရေးနိမ့်ပြီးနောက်မှာ ချယ်လ်ဆီးဘက်က ပူလီဆစ် အေဘရာဟမ် အိုဒွိုင်းတို့ကို ထည့်သွင်းလာခဲ့ရာ မိနစ်ပိုင်းလေးအတွင်းမှာ ပူလီဆစ်ရဲ့ အတော်လေးလှပတဲ့ ကျော်ဖြတ်မှုကနေတစ်ဆင့် အေဘရာဟမ်က ဒုတိယချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ (၇၃)မိနစ်မှာလည်း ပူလီဆစ်ကပဲ အကောင်းဆုံးပုံစံနဲ့ တတိယဂိုးချေပဂိုးကို ဆက်လက်သွင်းယူနိုင်ခဲ့ပေမယ့် (၈၄)မိနစ်မှာ လူစားဝင်ကစားသမား ချိန်ဘာလိန်က လီဗာပူးလ်အတွက် ပွဲသိမ်းသွင်းဂိုးကို ရယူနိုင်ခဲ့လို့ အနိုင်သေချာသွားစေခဲ့ရပါတယ်။