ဒီနေ့ ဇွန်လ(၉)ရက်နေ့ ကြာသပတေးနေ့ မနက်အစောပိုင်းမှာတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်အောင် ရုန်းထွက်နေတဲ့ ဘရိုက်တန်အသင်းနဲ့ ဒီရာသီရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်အသင်းတို့က ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)အဖြစ် တွေ့ဆုံခဲ့ကြပြီး လီဗာပူးလ်က (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပြီး ပြိုင်ပွဲစုံ အဝေးကွင်း(၅)ပွဲဆက် သွင်းဂိုးမဲ့ နိုင်ပွဲမရှိခဲ့တာကိုပါ ရပ်တန့်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

လီဗာပူးလ်အသင်းကတော့ မာနေး ဖာဘင်ဟို ရောဘတ်ဆန်တို့ကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ပြီး လူငယ်နောက်ခံကစားသမား ဝီလီယံကို နေရာပေးလာခဲ့သလို ဆာလာ ဖာမီနို ချိန်ဘာလိန် ကီတာ ဟန်ဒါဆန် ဝိုင်နယ်ဒန် ဗန်ဒိုက် ဂိုးမက်ဇ် အာနိုးနဲ့ အယ်လီဆန်တို့ကို အသုံးပြုလာခဲ့ပါတယ်။ အိမ်ရှင်ဘရိုက်တန်အသင်းရဲ့ အမှားတွေကနေတဆင့် ပွဲအစ(၆)မိနစ်နဲ့ (၆)မိနစ်မှာကတည်းက လီဗာပူးလ်တို့ သွင်းဂိုး(၂)ဂိုး စောစောစီးစီး ပိုင်ဆိုင်ခဲ့ပြီး ဆာလာနဲ့ အသင်းခေါင်းဆောင်ဟန်ဒါဆန်တို့ကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ (၁၀)မိနစ်မပြည့်ခင်မှာပဲ သွင်းဂိုးတွေရခဲ့တဲ့ လီဗာပူးလ်အသင်းဟာ မိနစ်(၃၀)နောက်ပိုင်းလောက်မှာ ကစားအားလျော့ချခဲ့လို့ ဘရိုက်တန်ဘက်က အခွင့်အရေးတွေရလာခဲ့ပြီး (၄၅)မိနစ်မှာ လမ်တေးရဲ့ဖြတ်တင်ဘောကနေတစ်ဆင့် ထရော့ဆက်က ပိတ်သွင်းပြီး ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာ ဘရိုက်တန်ဖိအားပေးမှုတွေကို ခံထားခဲ့ရသလို ခံစစ်ပိုင်းမှာကလည်း အားနည်းချက်အနည်းငယ်ရှိနေလို့ ဒုတိယပိုင်း ပြန်စချိန်မှာပဲ ဝီလီယံနေရာ ရောဘတ်ဆန်ကို ပြန်သုံးခဲ့ရပါတယ်။ ဘရိုက်တန်က နောက်ထပ်ချေပဂိုးတွေရအောင် ကြိုးစားနေခဲ့သလို လီဗာပူးလ်ကလည်း ရလဒ်ပိုမိုပြတ်သားအောင် ကြိုးပမ်းခဲ့လို့ ပွဲကတော့ ပိုပြီးကို အကြိတ်အနယ် ရှိလာခဲ့ရပါတယ်။ နှစ်သင်းလုံး အပြန်အလှန်ဖိအားပေး ကစားကြရင်းနဲ့ (၇၆)မိနစ်မှာ ဆာလာက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး အသင်းအတွက် တတိယဂိုးကို ရယူနိုင်ခဲ့ပါတယ်။