ဒီနေ့ မတ်လရရက်နေ့ စနေနေ့မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့တစ်ပတ်တုန်းက ဒီရာသီရဲ့ ပထမဆုံးသော ရှံးပွဲနဲ့ ရင်ဆိုင်ထားခဲ့ရတဲ့ လီဗာပူးလ်အသင်းက တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ရုန်းကန်နေရတဲ့ ဘုန်းမောက်အသင်းကို အိမ်ကွင်းအန်လ်ဖီးမှာ ဧည့်ခံကစားသွားခဲ့ပြီး လီဗာပူးလ်ကပဲ ၂ဂိုး၁ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်လီဗာပူလ်းအသင်းက ဒီနေ့ပွဲမှာ အသင်းရဲ့ပင်တိုင်ဂိုးသမား အယ်လီဆန်နဲ့ ဘယ်နောက်ခံလူ ရောဘတ်ဆန်တို့ကို အနားပေးထားခဲ့ပြီး ကျန်တဲ့နေရာတွေမှာတော့ အဓိက ကစားသမားတွေကို အစုံအလင်အသုံးပြုလာခဲ့ပါတယ်။ ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုလာခဲ့တဲ့ လီဗာပူးလ်အသင်းမှာ ဆာလာ မာနေး ဖာမီနို ဝိုင်နယ်ဒန် မီနာ ဖာဘင်ဟို ဗန်ဒိုက် ဂိုးမက်ဇ် ချိန်ဘာလိန် အာနိုး အက်ဒရီယန်တို့ ပါဝင်လာခဲ့ပါတယ်။ ဒီအသင်း၂သင်းက ပရီးမီးယားလိဂ်မှာ တွေ့ဆုံတိုင်း လီဗာပူးလ်ကပဲ အသာစီးရယူနိုင်ခဲ့တာဖြစ်လို့ ဒီပွဲလည်း သူတို့အသင်းအတွက် အခက်အခဲမရှိလောက်ဘူးလို့ ထင်ခဲ့ရပေမယ့် ပွဲအစမှာပဲ ဘုန်းမောက်က ဝီလ်ဆန်ရဲ့သွင်းဂိုးနဲ့ စတင်ဦးဆောင်ခဲ့လို့ လီဗာပူးလ်တို့ ဖိအားဝင်ခဲ့ရပါတယ်။ ဒါပေမယ့် ဘုန်းမောက်အသင်းရဲ့ အမာခံနောက်ခံကစားသမား စတိဗ်ကွတ် ဒဏ်ရာရသွားလို့ လူစားလဲလိုက်ရချိန်မှာ ဘုန်းမောက်ခံစစ် အားပျော့သွားပြီး ဆာလာနဲ့ မာနေးတို့က လီဗာပူးလ်အတွက် သွင်းဂိုးတွေ ဆက်တိုက်ရယူပေးခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ လီဗာပူးလ်အသင်းက ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် ဘုန်းမောက်ကလည်း အခွင့်အရေးတိုင်း လီဗာပူးလ်ခံစစ်က မွှေနှောက်ပြီး ချေပဂိုးပြန်လည်ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းခဲ့ရာ တောင်ပံကစားသမားဖရေဆာရဲ့ဂိုးပေါက်ခြိမ်းခြောက်ချက်ဆိုရင် ဂိုးဝင်ဂလုနီးပါးအထိ ဖြစ်ခဲ့ရပါတယ်။ လီဗာပူးလ်ကလည်း သူတို့့ရဲ့အနိုင်ရလဒ်ကို ဒီထက်ပိုပြတ်သားနိုင်ဖို့အတွက် ကစားအားမလျှော့ချပဲ ဆက်လက်ဖိအားပေးရင်း တတိယဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးမရခဲ့သလို ပွဲပြီးခါနီးမှာတောင် ဘုန်းမောက်ရဲ့တိုးအားကြောင့် ချေပဂိုးပေးရမလိုတောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သွင်းဂိုးတွေထပ်မမြင်ရတော့ပဲ လီဗာပူးလ်အသင်းကပဲ နိုင်ပွဲပြန်လည်ရရှိသွားခဲ့ပါတယ်။