ပရီးမီးယားလိဂ်ချန်ပီယံဆုအဖြစ် တရားဝင်သတ်မှတ်ခံလိုက်ရတဲ့ လီဗာပူးလ်အသင်းကတော့ သူတို့အသင်းရဲ့အိမ်ကွင်း အန်ဖီးလ်မှာ တန်းမဆင်းရအောင် ရုန်းကန်နေရတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး လီဗာပူးလ်အသင်းက ပုံစံကောင်းမပြနိုင်ခဲ့ပဲ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး(၂)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်လီဗာပူးလ်အသင်းကတော့ ဒီနေ့ပွဲစဉ်မှာ ဟန်ဒါဆန် ဝိုင်နယ်ဒန် ဖာမီနိုတို့လို အဓိက ကစားသမားတွေကို အနားပေးသွားခဲ့ပြီး ဆာလာ မာနေး အော်ရီဂီ ချိန်ဘာလိန် ဖာဘင်ဟို ကီတာ အာနိုး ဂိုးမက်ဇ် ဗန်ဒိုက် ရော်ဘတ်ဆန်နဲ့ အယ်လီဆန်တို့သာ ပါဝင်လာခဲ့ပါတယ်။ ဗီလာအသင်းကတော့ ထရာဇီဂေး ဒါးဗစ် အယ်ဂါဇီ ဂရီးလစ် လူးဝစ်ဇ် မက်ဂင်း တေလာ တိုင်ရုန်းမန်းစ် ဟောက်စ် ကွန်ဆာနဲ့ လီဗာပူးလ်ဂိုးသမားဟောင်းရိန်နာတို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ လီဗာပူးလ်ရဲ့ကစားပုံက လုံးဝကိုအားရစရာမရှိပဲ (၄၅)မိနစ်အတွင်းမှာ ဂိုးရနိုင်လောက်တဲ့ အနေအထားတွေတောင် မမြင်တွေ့ခဲ့ရပါဘူး။ ဗီလာကလည်း အသင်းခေါင်းဆောင် ဂရီးလစ်ပါ အနာတရ ဖြစ်နေရလို့ အသင်းရဲ့ကစားအားကပါ ထိုးကျခဲ့ရပြီး ပထမပိုင်းတစ်ပိုင်းလုံး နှစ်သင်းလုံးရဲ့ ကစားပုံက စိတ်ပျက်စရာကောင်းနေခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ နှစ်သင်းလုံးက ဂိုးရဖို့ ပိုမိုကြိုးစားလာခဲ့သလို ဧည့်သည်ဗီလာရဲ့ ထိုးဖောက်မှုတွေကလည်း ပိုမိုထိရောက်လာခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ မိနစ်(၇၀)နားလောက်ထိကို တိုက်စစ်က မယ်မယ်ရရ ဘာမှမလုပ်နိုင်ခဲ့ပဲ (၇၁)မိနစ်အရောက်မှ မာနေးက လီဗာပူးလ်အတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ လူစားဝင်လာခဲ့တဲ့ လူငယ်ကစားသမားလေး ကာတစ်ဂျုံးက လီဗာပူးလ်အတွက် အနိုင်သေချာစေမယ့်သွင်းဂိုးကိုပါ ထပ်မံသွင်းယူပေးခဲ့ပါတယ်။