MySport Myanmar

ပဲလေ့စ်နဲ့ စာချုပ်ကုန်တော့မယ့် ဇာဟာကို စောင့်ကြည့်နေကြတဲ့ လီဗာပူးနဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ခရစ္စတယ် ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် တောင်ပံတိုက်စစ် ကစားသမား ဇာဟာကို ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း လီဗာပူးမြို့ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Liverpool Echo သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဇာဟာက တဦးချင်း အရည်အသွေး ပြည့်ဝတဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ်နဲ့ အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကာလရှည် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တောင်ပံကစားသမား ၁၀ဦး စာရင်းထဲ ဝင်ထားသူပါ။

Photo Credit: Talksports

 ဇာဟာက တဦးချင်း လိမ်ခေါက် ဖြတ်ကျော်ရာမှာ ကောင်းမွန်သလို အသင်းဖော်တွေ အတွက် ဂိုးသွင်းခွင့်တွေ ရအောင် ဖန်တီးပေးတာ ၊ ကိုယ်တိုင် ဂိုးသွင်းယူတာ စတဲ့ အချက်တွေမှာပါ ထူးချွန်တဲ့ အရည်အသွေးမြင့် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမားလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့က ခရစ္စတယ် ပဲလေ့စ်နဲ့ ဇာဟာတို့ရဲ့ စာချုပ်သစ် ဆွေးနွေးမှု အခြေအနေကို အနီးကပ် စောင့်ကြည်နေကြပြီး အကယ်၍ ဇာဟာကသာ ပဲလေ့စ်နဲ့ စာချုပ်သစ် မချုပ်တော့ပဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင် နှစ်သင်းစလုံးဟာ ဇာဟာကို အလွတ်နဲ့ ခေါ်ယူခွင့် ရဖို့ အပြိုင်အဆိုင် ကြိုးစားကြလိမ့်မယ်လို့ Liverpool Echo သတင်းဌာနက ဆိုပါတယ်။

Photo Credit: Talksports

ဇာဟာက ခရစ္စတယ် ပဲလေ့စ် အတွက် စုစုပေါင်း ၄၄၀ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇၄ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ခရစ္စတယ် ပဲလေ့စ်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဇာဟာကို လုပ်ခလစာ တိုးမြှင့်ပေးကာ စာချုပ်သစ် ချုပ်ဆိုဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

ဒါပေမယ့် ကစားသမား ဘဝ အကောင်းဆုံးအချိန်ကို ရောက်နေတဲ့ ဇာဟာကတော့ ယခု ရာသီကုန်မှာ ခရစ္စတယ် ပဲလေ့စ်ကနေ အလွတ်နဲ့ ထွက်ခွာပြီး အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ဇာဟာကို ကာလရှည် စိတ်ဝင်စားခဲ့တဲ့ အာဆင်နယ်ဟာ ဇာဟာရဲ့ အသင်းသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Exit mobile version