လီဗာပူးလ်အသင်းကတော့ သူတို့အသင်းရဲ့ ဥရုဂွေး တိုက်စစ်ကစားသမား ဒါဝင် နူးညက်ဇ်ကို လာမယ့်ဈေးကွက်အတွင်းမှာပဲ ရောင်းချသွားဖို့ ရှိနေရာ နူးညက်ဇ်အတွက် ပေါင်သန်း(၅၀)ကနေ ပေါင်သန်း(၆၀)လောက်အထိ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ရောင်းထုတ်သွားဖွယ် ရှိနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
လက်ရှိ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မိုဟာမက် ဆာလာက အကောင်းဆုံး ခြေစွမ်းပြနေသလို ဂက်ပို ဂျိုတာ ဒီးယက်ဇ်တို့ကလည်း ဂိုးတွေ သွင်းယူနေကြပေမယ့် နူးညက်ဇ်ကတော့ ဂိုးတွေ သွင်းယူဖို့ ရုန်းကန်နေရသလို ပွဲကစားခွင့်တွေလည်း နည်းပါးလာခဲ့ရပါတယ်။
Photo Credit : Transfermarket
အသက်(၂၅)နှစ်အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူးညက်ဇ်ဟာ ၂၀၂၂ခုနှစ်ကမှ ဘင်ဖီကာကနေ လီဗာပူးလ်အသင်းဆီ ယူရို(၈၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် လီဗာပူးလ် ကစားသမားဘဝ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရပြီ ဖြစ်သလို ဒီရာသီထဲမှာတော့ အသင်းအတွက် (၄)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။
အခုရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၂၄)ပွဲကစားထားပြီး (၄)ဂိုးသာ သွင်းယူထားနိုင်တဲ့ နူးညက်ဇ်ကို အသင်းဘက်ကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့သလို ဒီရက်ပိုင်းအတွင်းမှာလည်း နူးညက်ဇ်ဟာ စီးရီးအေကလပ် အေစီမီလန်အသင်းနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။
Photo Credit : Metro
လီဗာပူးလ်က နူးညက်ဇ်ကို အသင်းဆီ ခေါ်ဆောင်ခဲ့စဉ်မှာ ပြောင်းရွှေ့ကြေးကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအထိပါ အသုံးပြုထားခဲ့ရတာကြောင့် ဒီကစားသမားကို အသင်းကနေ ပြန်ရောင်းချချိန်မှာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၅၀)ကနေ ပေါင်သန်း(၆၀)လောက်အထိ ပြန်လည် အလိုရှိနေတာ ဖြစ်ပါတယ်။
နူးညက်ဇ်ကို ရောင်းချဖို့ စီစဉ်ထားတဲ့ လီဗာပူးလ်က ဘရိုက်တန်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဂျာအို ပတ်ဒရိုကို ခေါ်ယူသွားဖို့ ချိန်ရွယ်ထားသလို တကယ်လို့ ဆာလာကိုလည်း စာချုပ်သက်တမ်း တိုးမရဘဲ အလွတ်နဲ့ လက်လွတ်လိုက်ရမယ်ဆိုရင် တိုက်စစ်ပိုင်းအတွက် ကစားသမားသစ် (၂)ဦးခန့်အထိ ပြန်လည် ဖြည့်တင်းသွားနိုင်ပါတယ်။