လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒီဗေါ့အော်ရီဂီကို အခု ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အီတလီ စီးရီးအေ ကလပ်အသင်းတွေနဲ့ ဂျာမနီ ဘွန်ဒစ်လီဂါ ကလပ်အသင်းတွေ အပါအဝင် အသင်းများစွာကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပေမယ့် လီဗာပူးလ်နည်းပြကြီး ယာဂင်ကလော့ပ်ကတော့ သူရဲ့ကစားသမား အော်ရီဂီကို ဒီစျေးကွက်ထဲမှာ အသင်းကနေ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ နာမည်ကြီး ဘောလုံးသတင်းထောက် ဖာဘရီဇီယိုကနေ ဖော်ပြထားခဲ့ပါတယ်။
Photo Credit : This is Anfield
အသသက်(၂၇)နှစ်အရွှယ် ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား အော်ရီဂီဟာ ၂၀၁၄ခုနှစ်ကမှ လိုင်လီအသင်းကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာပဲ လိုင်လီအသင်းဆီ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ရသလို ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာလည်း ဝုလ်ဖ်ဘတ်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါသေးတယ်။ အော်ရီဂီဟာ လက်ရှိမှာ သူရဲ့ လီဗာပူးလ်ကစားသမားဘဝ သတ္တမမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရတာ ဖြစ်ပေမယ့်လည်း ဒီနှစ်ရာသီမှာ အသင်းအတွက် စုစုပေါင်း (၃၉၃)မိနစ်သာ ပါဝင်ကစားထားခဲ့ရပြီး ပရီးမီးယားလိဂ်မှာဆိုရင်လည်း (၃၈)မိနစ်သာ ပါဝင်ထားရပါတယ်။
Photo Credit : Mirror
အသင်းအတွက် မိနစ်အနည်းငယ်လေးသာ ပါဝင်ထားခဲ့ရပေမယ့် ပါဝင်ကစားခွင့်ရတဲ့ ပွဲစဉ်တိုင်းမှာ အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးထားနိုင်တဲ့ အော်ရီဂီကို လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က အခု စျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းထုတ်မသွားချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အော်ရီဂီကို နယူးကာဆယ်ယူနိုက်တက်အသင်း အပါအဝင် အေစီမီလန် အင်တာမီလန် ရိုးမားတို့လို စီးရီးအေကလပ်တွေနဲ့ ဂျာမနီ ကလပ်အသင်းတွေက ဒီစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ အော်ရီဂီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် လက်ရှိ လီဗာပူးလ်အသင်းမှာ အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမား စေလွှတ်ထားရတာနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတာတွေကြောင့် ကစားသမားအင်အား လျော့နည်းနေနိုင်တဲ့အတွက် အော်ရီဂီကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားချင်တာ ဖြစ်ပါတယ်။ အော်ရီဂီဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ပွဲ ပါဝင်ထားပြီး (၅)ဂိုး သွင်းယူကာ (၂)ဂိုးဖန်တီးထားနိုင်ပါတယ်။