လီဗာပူးလ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ လူငယ် ကြယ်ပွင့်ကစားသမားလေး ဂျာမား မူဆီအာလာကို လာမယ့်နွေမှာ အရ ခေါ်ယူသွားနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး အမြောက်အများ အသုံးပြုသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမားလေး မူဆီအာလာဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ် ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး လက်ရှိမှာလည်း သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတိုင်းက စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Eurosport

ကွင်းလယ်မှာ ကွင်းလယ်ဗဟို ကွင်းလယ်တိုက်စစ် နေရာတွေအပြင် ဘယ်တောင်ပံအထိပါ ကစားတက်တဲ့ ဂျာမနီကြယ်ပွင့် ကစားသမားလေး မူဆီအာလာက ဘိုင်ယန်နဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့်လည်း ဘိုင်ယန်ဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းထားမှုကိုတော့ ပယ်ချထားတယ်လို့ သိရပါတယ်။

မူဆီအာလာဟာ ချယ်လ်ဆီး လူငယ်အကယ်ဒမီကို ၂၀၁၁ခုနှစ်ကတည်းက ရောက်ရှိနေခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကြီးမှာ ကစားခွင့် ရရှိလာခြင်း မရှိလို့ (၈)နှစ်ခန့်အကြာမှာပဲ ဘိုင်ယန် လူငယ်အသင်းဆီ ပြောင်းရွှေ့ခဲ့ရင်း တဖြည်းဖြည်းနဲ့ ဘိုင်ယန် စီနီယာအသင်းမှာပါ နေရာရရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

အခုဆိုရင်တော့ မူဆီအာလာက ဘိုင်ယန်ရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးပါ ဖြစ်နေရပြီး အသင်းအတွက် (၄)ရာသီခန့် ပါဝင်ကစားထားခဲ့ရာ ပြိုင်ပွဲစုံ (၁၅၆)ပွဲ ကစားထားပြီးချိန် (၄၃)ဂိုး သွင်းယူထားပေးခဲ့သလို ဆုဖလားပေါင်းများစွာကိုလည်း ဆွတ်ခူးထားခဲ့ပါသေးတယ်။

ဒီလို အသင်းအတွက် ခြေစွမ်းပြသနေတဲ့ မူဆီအာလာက အသင်းနဲ့ သက်တမ်းတိုးဖို့ ငြင်းဆန်ထားချိန်မှာ လီဗာပူးလ်ဘက်က မူဆီအာလာကို အရ ခေါ်ယူသွားနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး အမြောက်အများနဲ့ ကမ်းလှမ်းသွားဖို့ အစီအစဉ် ရှိနေပြီး ဘိုင်ယန်ကတော့ သူတို့ကစားသမားကို အနိမ့်ဆုံး တန်ကြေးအဖြစ် ပေါင် သန်း(၁၀၀)အထိ သတ်မှတ်လို့ထားပါတယ်။