လီဗာပူးလ်အသင်းဟာ လက်ရှိ ကျင်းပနေတဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ခြေစွမ်းပြသနေသူ မော်ရိုကို ကွင်းလယ်ကစားသမား ဆိုဖီယန်အန်မရာဘတ်ကို သူရဲ့လက်ရှိကလပ် ဖီအိုရင်တီးနားအသင်းကနေ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာ II Corriere dello Sport က ဖော်ပြလာခဲ့ပါတယ်။

Liverpool interested in signing Amrabat | The Transfer Tavern

Photo Credit : The Transfer Tavern

အသက်(၂၆)နှစ်အရွယ် မော်ရိုကိုလက်ရွေးစင် ကွင်းလယ်လူ အန်မရာဘတ်ဟာ မော်ရိုကိုအသင်းရဲ့ ၂၀၂၂ကမ္ဘာ့ဖလား အုပ်စုတွင်း ပွဲစဉ်တွေအားလုံးကို ပါဝင်ကစားထားတဲ့အပြင် ဒီနေ့ည စပိန်အသင်းနဲ့ ရင်ဆိုင်ရမယ့် ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်မှာလည်း ပါဝင်ရဖွယ် ရှိနေပါတယ်။ မော်ရိုကိုနဲ့ ဖီအိုရင်တီးနားအသင်းတို့ရဲ့ အဓိက ကစားသမား အန်မရာဘတ်ဟာ ကွင်းလယ်ခံစစ်နေရာမှာ ပါဝင်ကစားတတ်သူဖြစ်ပြီး လက်ရှိ ကာတာမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ခြေစွမ်းပြနေတာကြောင့် သူ့ကို လီဗာပူးလ်အပါအဝင် ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ကွင်းလယ်ပိုင်း အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ လီဗာပူးလ်အသင်းက အန်မရာဘတ်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ချိတ်ဆက်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့လည်း II Corriere dello Sport က ဖော်ပြလာခဲ့သလို အန်မရာဘတ် လက်ရှိ ဖီအိုရင်တီးနားမှာ ရရှိနေတဲ့ လစာထက်ကိုလည်း တိုးမြှင့်ပေးချေသွားဖို့ပါ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အန်မရာဘတ်ဟာ ဖီအိုရင်တီးနားမှာ တစ်နှစ်လုပ်ခ ယူရို(၁.၈)သန်း ပေါင်(၁.၅၅)သန်း ရရှိနေတာဖြစ်ပြီး လီဗာပူးလ်က သူတို့အသင်းဆီ ပြောင်းလာမယ်ဆိုရင် အန်မရာဘတ်အတွက် တစ်နှစ် ပေါင်(၃)သန်းအထိ ပေးချေသွားမယ်လို့ မက်လုံးပေးထားခဲ့ပါတယ်။ အန်မရာဘတ်ဟာ ဖီအိုရင်တီးနားအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမားဖြစ်သလို လက်ရှိ ကမ္ဘာ့ဖလားမှာလည်း မော်ရိုကိုနဲ့အတူ တောက်ပနေတာကြောင့် ကစားသမားရဲ့ တန်ကြေးက မြင့်မားလာနိုင်ပြီး ခေါ်ယူချင်တဲ့ အသင်းအရေအတွက်လည်း များပြားလာနိုင်ပါတယ်။ ဒါပေမယ့် ကွင်းလယ်လူတစ်ဦး ခေါ်ယူဖို့ လိုအပ်နေတဲ့ လီဗာပူးလ်ကတော့ လာမယ့် ဆောင်းဈေးကွက်ထဲမှာပဲ အန်မရာဘတ်ကို အရ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။