လီဗာပူးလ်အသင်းဟာ မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားပြီဖြစ်တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေအတွက် အသီးသီး ခြေစွမ်းပြခဲ့ကြသော ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အန်ဇိုဖာနန်ဒက်ဇ်နဲ့ ဆိုဖန်အန်မရာဘတ်တို့ နှစ်ဦးစလုံးကို ခေါ်ယူသွားနိုင်ဖို့အတွက် ကြိုးပမ်းနေတယ်လို့ စပိန်သတင်းမီဒီယာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : This is Anfield

အာဖရိက ကိုယ်စားပြုအသင်းတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဆီမီးဖိုင်နယ်အဆင့်ထိ တတ်လှမ်းနိုင်ခဲ့တဲ့ မော်ရိုကိုအသင်းရဲ့ ကွင်းလယ်မှာ အဓိက မောင်းနှင်နိုင်သူဖြစ်သာ ကွင်းလယ်လူ အန်မရာဘတ်နဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးသော ကွင်းလယ်ကစားသမားဆုနဲ့ ကမ္ဘာ့ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့သူ အန်ဇိုဖာနန်ဒက်ဇ်တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး အဆုံးမသတ်ခင်ကတည်းက သူတို့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ကလပ်အသင်းတိုင်းရဲ့ စိတ်ဝင်စားခြင်းကို ရရှိနေခဲ့သူတွေဖြစ်ပြီး အခုလည်း သူတို့နှစ်ယောက်စလုံးကို လီဗာပူးလ်ဘက်က ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Youtube

လီဗာပူးလ်အသင်းဟာ ထိပ်တန်း အသင်းကောင်းတစ်သင်းဖြစ်ပြီး နွေဈေးကွက်ထဲမှာလည်း ဆာဒီယိုမာနေး နေရာအတွက် ဒါဝင်နူနက်ဇ်လို အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူထားခဲ့ပေမယ့်လည်း အသင်းရဲ့ ကွင်းလယ်ပိုင်း နေရာမှာက အားနည်းချက်တွေ ရှိနေတာကြောင့် အခု ဆောင်းဈေးကွက် ပြန်လည် ဖွင့်လှစ်တော့မယ့်အချိန်မှာပဲ ကွင်းလယ်ကစားသမားတွေ ခေါ်ယူဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်က ဖီအိုရင်တီးနားအသင်းမှာ ကစားနေတဲ့ မော်ရိုကို ကွင်းလယ်လူ အန်မရာဘတ်နဲ့ ဒီနှစ်နွေမှ ဘင်ဖီကာကို ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမားလေး အန်ဇိုဖာနန်ဒက်ဇ်တို့ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ တကယ်တော့ လီဗာပူးလ်ဟာ ဒေါ့မွန်ရဲ့ အင်္ဂလန်ကြယ်ပွင့်လေး ဘယ်လင်ဟမ်ကိုသာ ပိုမို အလိုရှိနေတာ ဖြစ်ပေမယ့်လည်း ဘယ်လင်ဟမ်ကို လီဗာပူးလ်နဲ့အပြိုင် စိတ်ဝင်စားနေတဲ့ ကလပ်အသင်းက အများအပြား ရှိနေတာကြောင့် ခေါ်ယူဖို့က ခက်ခဲလာနိုင်တဲ့အတွက် အသင်း အပြောင်းအလဲလုပ်ဖွယ် ရှိနေတဲ့ အန်မရာဘတ်နဲ့ ဒီရာသီမှာ ဘင်ဖီကာအတွက်ရော အာဂျင်တီးနားအတွက်ပါ အလွန်တောက်ပနေတဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့ကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ဇန်နဝါရီမှာတော့ လီဗာပူးလ်အနေနဲ့ အန်ဇိုဖာနန်ဒက်ဇ်ထက် မော်ရိုကိုကွင်းလယ်လူ အန်မရာဘတ်ကိုသာ ခေါ်ယူနိုင်ဖွယ် ရှိနေရပါတယ်။