MySport Myanmar

လူကာကူရဲ့ အမြွှာညီအစ်ကိုလို့ လှောင်ပြောင်ခံနေရတဲ့ လီဗာပူးလ် ကစားသမားသစ် နူနက်ဇ်

ဆာလ်ဇ်ဘာ့ဂ်နဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ ရာသီကြို ခြေစမ်းပွဲစဉ်အတွင်း အမှားအယွင်းတွေ များခဲ့ရပြီး ဂိုးလည်း မသွင်းယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်သူ ကစားသမားသစ် ဒါဝင်နူနက်ဇ်ကို ဘောလုံးပရိသတ်တချို့က လူကာကူရဲ့ အမြွှာညီအစ်ကိုလို့ပါ လှောင်ပြောင်နေကြပါတယ်။

Photo Credit : Daily Mail

ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ဟာ ဒီနှစ် နွေဈေးကွက်အတွင်း ဘင်ဖီကာအသင်းကနေ လီဗာပူးလ်အသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို(၇၅)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေကို လိုက်ပါကစားနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံမှာ (၃၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေရဲ့ စိတ်အာရုံကိုပါ ဖမ်းစားနိုင်ခဲ့တဲ့ နူနက်ဇ်လို ကစားသမားမျိုးကို လီဗာပူးလ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဆာဒီယိုမာနေးရဲ့ နေရာမှာ အစားထိုးဖို့အတွက် ငွေကြေးပေါင်းများစွာနဲ့ အရ ခေါ်ယူခဲ့တာဖြစ်ပေမယ့် နူနက်ဇ်ရဲ့ လက်ရှိ စွမ်းဆောင်ရည်တွေကိုတော့ ဘောလုံးပရိသတ်တချို့က လှောင်ပြောင်နေကြလျက် ရှိနေပါတယ်။

Photo Credit : Daily Mail

နူနက်ဇ်ဟာ မန်ချက်စတာယူနိုက်တက် ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေအတွင်းမှာ သွင်းဂိုး မရခဲ့တာကြောင့် လှောင်ပြောင်ခံခဲ့ရပေမယ့် လိုက်ပ်ဇစ်နဲ့ ပွဲစဉ်မှာတော့ တစ်ပွဲတည်းကို (၄)ဂိုးထိ သွင်းယူနိုင်ခဲ့လို့ လှောင်ပြောင်မှုတွေကို အသံတိတ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရတဲ့ နူနက်ဇ်က ဂိုးပေါက်ပြန်ပျောက်သွားခဲ့ရတဲ့အပြင် ရရှိလာတဲ့ အခွင့်အရေးတွေကို ဖြုန်းတီးနေမိပြီး အသင်းဖော်တွေ အချိတ်အဆက်မိမိ ကစားနိုင်ဖို့ကိုပါ ရုန်းကန်နေခဲ့ရပါတယ်။ ဒီလို form အောက်နေတဲ့ နူနက်ဇ်ကို လီဗာပူးလ်ပရိသတ်တစ်ဦးကပါ “ကျွန်တော်က လီဗာပူးလ် ပရိသတ်တစ်ယောက်ပါ။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ဒီကောင်လေး ခြေစွမ်းတွေက မကောင်းပါဘူး။ သူ့မှာ နည်းဗျူဟာပိုင်း မရှိသလို သူရဲ့ body language တောင်မှ မကောင်းပါဘူး။ သူက ကျွန်တော်တို့ ရှာဖွေနေတဲ့ တကယ့်တိုက်စစ်မှူးမျိုး မဟုတ်ပါဘူး” လို့ မှတ်ချက်ပြုထားခဲ့သလို တချို့ဘောလုံးပရိသတ်တွေကလည်း “သူတို့(လီဗာပူးလ်အသင်း)က လူကာကူရဲ့ အမြွှာညီအစ်ကိုကို သန်းတစ်ရာနဲ့ ခေါ်ယူမိခဲ့တယ်” “ရိုမယ်လ်လူနူနက်ဇ်” “ဒါဝင်နူနက်ဇ်က လွယ်ကူနေတဲ့ အရာတွေကို မဖြစ်နိုင်စရာတွေလို့ ထင်မိလာရအောင် လုပ်နေတယ်” လို့ လှောင်ပြောင် မှတ်ချက်ပြုခံနေရပါတယ်။

Exit mobile version