MySport Myanmar

ဘယ်လင်ဟမ်ကို မခေါ်နိုင်ခဲ့ရင် ဝုလ်ဗ်ကွင်းလယ်လူ နူးနက်စ်ကို ခေါ်ယူသွားမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ ကွင်းလယ်ပိုင်း အားဖြည့်ဖို့အတွက် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက် ရှိနေရာ တကယ်လို့ မခေါ်ယူနိုင်ဖြစ်ခဲ့ရင် ဘယ်လင်ဟမ်အစား ဝုလ်ဗ်ကွင်းလယ်လူ မာသီးယပ်စ်နူးနက်စ်ကိုသာ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဒေါ့မွန်အသင်းအတွက် အထူး ခြေစွမ်းပြသနေသလို ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ တောက်ပနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်ကို လီဗာပူးလ်နဲ့အပြိုင် မန်စီးတီး ရီးယဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာမှ ရီးယဲလ်အသင်းက သူတို့အသင်းရဲ့ ဝါရင့် ကွင်းလယ်လူတွေဖြစ်တဲ့ တိုနီကရူးစ် မိုဒရစ်တို့ရဲ့ စာချုပ်အခြေအနေတွေကြောင့် ဘယ်လင်ဟမ်ကို အရခေါ်ယူဖို့ စီစဉ်လျက် ရှိနေပါတယ်။ တကယ်လို့ ဘယ်လင်ဟမ်သာ ရီးယဲလ်ကို ရွေးချယ်သွားခဲ့မယ်ဆိုရင် လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ်က ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ မာသီးယက်စ်နူးနက်စ်ကိုပဲ ပြောင်းလဲ ပစ်မှတ်ထားဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

အသက်(၂၄)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား နူးနက်စ်ဟာ ဒီနှစ်နွေရာသီကမှ စပို့တင်းလစ္စဘွန်းအသင်းက ဝုလ်ဗ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး စပို့တင်းမှာ ပါဝင်ကစားခဲ့စဉ်ကတည်းက ဥရောပ ကလပ်အသင်းကြီးများစွာရဲ့ ပစ်မှတ်ကစားသမား ဖြစ်ခဲ့ရပါတယ်။ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာကိုယ်တိုင် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးလို့ တင်စားခေါ်ဆိုခံထားရတဲ့ နူးနက်စ်ဟာ လက်ရှိ ဝုလ်ဗ်အသင်းမှာလည်း အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ရလျက် ရှိနေပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းဟာ အခုလက်ရှိမှာပဲ ကွင်းလယ်လူတစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားရမယ့် အခြေအနေမျိုး ဖြစ်နေရပြီး ကွင်းလယ်ပိုင်း အားမဖြည့်နိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်သွားရနိုင်တယ်လို့ ကစားသမားဟောင်း ကာရေဂါကပါ သတိပေးထားခဲ့တာကြောင့် လီဗာပူးလ်အနေနဲ့ အခု ဆောင်းဈေးကွက်မှာပဲ ကွင်းလယ်ကစားသမားတစ်ဦးကို အရ ခေါ်ယူသွားရနိုင်ပါတယ်။

Exit mobile version