အင်တာမီလန်အသင်းမှာ ခြေစွမ်းပြသလျက်ရှိနေတဲ့ အီတလီကွင်းလယ်ကစားသမား နီကိုလာဘာရယ်လာကို စီးရီးအေထိပ်သီး ကလပ်အသင်းတွေအပြင် ပရီးမီးယားလိဂ်က ထိပ်တန်းကလပ်အသင်း(၂)သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ စပါးအသင်းတို့ကလည်း အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရှိရပြီး တရားဝင်ကမ်းလှမ်းမှုတွေကို လာမယ့်နွေစျေးကွက်အတွင်းမှာပဲ စတင်လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ အီတလီအားကစားမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : AC Milan News

အသက်(၂၃)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘာရယ်လာဟာ ၂၀၁၉ခုနှစ်မှ ကာဂလီယာရီကနေ အင်တာမီလန်အသင်းဆီကို အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အငှားစာချုပ် ပြည့်မြောက်ချိန်မှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဘာရယ်လာဟာ အင်တာမီလန်အသင်းမှာ ခြေစွမ်းပြသနိုင်လျက်ရှိပြီး ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း ပြိုင်ပွဲစုံ (၂၅)ပွဲ ပါဝင်ကစားပြီး (၂)ဂိုးသွင်းယူနိုင်ခဲ့ကာ (၈)ဂိုးအထိကို ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီကစားသမားကို ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလို့နေကြတာဖြစ်ပြီး ဒီအသင်းတွေထဲမှာ လီဗာပူးလ်နဲ့ စပါးတို့်လို ပရီးမီးယားလိဂ်အသင်းတွေပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : InterLive.it

အီတလီနာမည်ကျော် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Calcio Mercato ရဲ့ ဖော်ပြချက်တွေအရ ဘာရယ်လာကို လီဗာပူးလ်အသင်းဘက်က စိတ်ဝင်စားလျက်ရှိနေပြီး Final Third Zone နေရာကနေ တိုက်စစ်ပိုင်းအတွက် ဖန်တီးမှုတွေ အားနည်းလျက်ရှိနေတဲ့ လီဗာပူးလ်က ဘာရယ်လာလို အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတစ်ယောက်ကို အလိုရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဟိုဆေးမော်ရင်ဟိုရဲ့ စပါးအသင်းကလည်း အသင်းရဲ့ အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့အတွက် သွင်းဂိုးဖန်တီးမှုတွေကို လုပ်ဆောင်ပေးနိုင်မယ့် ဘာရယ်လာလို Creativity ကောင်းမွန်လှတဲ့ ကွင်းလယ်လူတစ်ယောက်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာမီလန်အသင်းဘက်ကတော့ ဘာရယ်လာလို အသင်းရဲ့ အဓိကကြယ်ပွင့်တစ်ယောက်ကို ရောင်းချသွားဖို့ ဆန္ဒမရှိတဲ့အပြင် ဘာရယ်လာရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၄ခုနှစ်အထိကို ရှိနေသေးတာဖြစ်လို့ အင်တာအနေနဲ့ ဘာရယ်လာရဲ့ ပြောင်းရွှေ့ကြေးကို မြင့်မားစွာ သတ်မှတ်လာနိုင်ပါတယ်။ လတ်တလောမှာတော့ စပါးအသင်းက မော်ရင်ဟိုရဲ့တပည့်ဟောင်းဖြစ်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစား ဂျက်ဆီလင်ဂတ်ကိုလည်း အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်။