ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းမှာ နေရာသိပ်မရလို့ အနာဂတ်မတည်မငြိမ်ဖြစ်နေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား မားကိုအဆန်စီယိုဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိသလို အသင်းကလည်း သူ့ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောင်းထုတ်ပြီး အသင်းအတွက် အသုံးစရိတ် ပြန်လည်ရှာဖွေဖွယ် ရှိနေတာကြောင့် ဒီအခြေအနေကို လီဗာပူးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကနေ စောင့်ကြည့်လျက်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : AS English

အသက်(၂၄)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား အဆန်စီယိုဟာ ဂရန်နာဒါအသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့်လည်း အသင်းနည်းပြဇီဒန်းက နောက်ပိုင်းပွဲစဉ်တွေမှာ သူ့ကို အရန်ကစားသမားအဖြစ်နဲ့ပဲ ဆက်တိုက်အသုံးပြုလျက်ရှိနေသလို သူကိုယ်တိုင်ကလည်း ဒီနှစ်ရာသီအတွင်း ရီးရဲလ်အသင်းအတွက် ဂိုးဖန်တီးမှု (၁)ကြိမ်သာ စွမ်းဆောင်ထားနိုင်ခဲ့လို့ အသင်းကနေ သူ့ကို ရောင်းထုတ်သွားချင်နေတာဖြစ်ပါတယ်။ အဆန်စီယိုကိုတော့ လက်ရှိမှာ လီဗာပူးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Goal

အဆန်စီယိုဟာ တကယ့်ကို အရည်အသွေးမြင့် ကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း ဒဏ်ရာပြသာနာတွေ ကြုံတွေ့ခံစားခဲ့ရပြီးနောက် ပြန်လည်သက်သာလာတဲ့အချိန်မှာ အရင်လို ခြေစွမ်းမျိုးတွေကို ပြန်လည်ပြသနိုင်ဖို့ ခဲယဉ်းလျက်ရှိနေပြီး ဂရန်နာဒါနဲ့ပွဲစဉ်မှသာ ဒီရာသီအတွင်း ပထမဆုံးသော ဂိုးဖန်တီးမှုကို စတင်လုပ်ဆောင်နိုင်ခဲ့တာဖြစ်ကာ သွင်းဂိုးဆိုရင် အခုထိ တစ်ဂိုးမှကို မရယူထားနိုင်သေးပါဘူး။ ဒီလိုအခြေအနေတွေ ရှိနေတဲ့ အဆန်စီယိုကို ရီးရဲလ်ဘက်ကနေ ရောင်းထုတ်သွားဖို့အထိ ပြင်ဆင်လာခဲ့ပြီး သူ့ကို ရောင်းချလို့ရတဲ့ ပြောင်းရွှေ့ကြေးကို အသင်းရဲ့ အသုံးစရိတ်အဖြစ် ပြန်လည်သုံးစွဲဖွယ် ရှိနေပါတယ်။ အဆန်စီယိုကို အဓိကပစ်မှတ်ထားနေတဲ့ ကလပ်အသင်းကတော့ လီဗာပူးလ်အသင်းဖြစ်ပြီး နည်းပြယာဂင်ကလော့က သူ့အသင်းဆီ အဆန်စီယိုကို ခေါ်ယူနိုင်ဖို့အတွက် ၂၀၁၉ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းကလည်း အဆန်စီယိုကို ခေါ်ဆောင်သွားဖို့အတွက် စိတ်ဝင်စားလျက်ရှိနေပြီး ရီးရဲလ်ဘက်ကနေသာ အဆန်စီယိုကို အရောင်းစာရင်း တင်လာခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေးများစွာနဲ့ ကမ်းလှမ်းဖွယ်ရှိနေတာကြောင့် အဆန်စီယိုအနေနဲ့ လာလီဂါကနေ ပရီးမီးယားလိဂ် ဒါမှမဟုတ် ပြင်သစ်လီဂူး ဘယ်ကိုရောက်လာမလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။