မကြာသေးခင်ကမှ စီနီယာကစားသမားဘဝကို စတင်ခဲ့ပေမယ့်လည်း သူရဲ့တောက်ပလှတဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရတဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဆယ်ကျော်သက်အရွှယ် ပေါ်တူဂီဘယ်နောက်ခံကစားသမားလေး နူနိုမန်ဒက်စ်ကို လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ ပစ်မှတ်ထားလျက်ရှိနေပေမယ့် လက်ရှိမှာတော့ ဒီကစားသမားကို ခေါ်ယူဖို့က ထိပ်ဆုံးကနေ ရေပန်းစားနေတဲ့ အသင်းအဖြစ် ရီးရဲလ်မက်ဒရစ်က ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : A Bola

အသက်(၁၈)နှစ်အရွှယ်သာရှိသေးတဲ့ လူငယ်နောက်ခံကစားသမားလေး နူနိုမန်ဒက်စ်ဟာ ပေါ်တူဂီကစားသမားကောင်းတွေကို အစဉ်တစိုက် မွေးထုတ်ပေးနေလျက်ရှိနေတဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းရဲ့ဘယ်နောက်ခံလူ အကူညာက လစ္စဘွန်းကနေ ဆီဗီလာအသင်းဆီကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်း သူ့ကို အသင်းကနေ နေရာစပေးလာခဲ့တာဖြစ်ပါတယ်။ မန်ဒက်စ်ဟာ ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၀)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁)ဂိုးကိုလည်း သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Publico

လတ်တလောမှာတော့ ပေါ်တူဂီယူ-၂၁ ကစားသမားလေးဖြစ်တဲ့ နူနိုမန်ဒက်စ်ကို ဥရောပထိပ်သီး ကလပ်အသင်းတွေများစွာဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် လီဗာပူးလ် အာဆင်နယ် လက်စတာ အေစီမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတို့က အပြိုင်ပစ်မှတ်ထားလျက်ရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ထပ်တိုးစိတ်ဝင်စားလာတဲ့ အသင်းအဖြစ် ပါဝင်လာခဲ့ပါတယ်။ မန်ဒက်စ်ဟာ လစ္စဘွန်းအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်းရှိသူဖြစ်ပေမယ့်လည်း အခုလို အသင်းပေါင်းများစွာရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့အတွက် လစ္စဘွန်းဘက်ကနေ မန်ဒက်စ်အတွက် စာချုပ်လျော်ကြေးတန်ဖိုးကို ပေါင်(၄၁)သန်းကနေ ပေါင်(၆၂)သန်းအထိပါ ထပ်တိုးသွားဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဒါပေမယ့် လတ်တလောအထိတော့ ဒီလိုစီစဉ်မှုက သဘောတူညီမှု မရရှိသေးတာကြောင့် လက်ရှိစာချုပ်လျော်ကြေးပမာဏထက် ထပ်ပြီးစျေးမတတ်ခင်မှာ သူ့ကို အသင်းပေါင်းများစွာကနေ ကမ်းလှမ်းမှုလုပ်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ မန်ဒက်စ်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့အေးဂျင့်ဖြစ်သူနဲ့ လက်တွဲလုပ်ကိုင်နေတာဖြစ်လို့ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ပိုမိုထွက်ပေါ်နေပေမယ့်လည်း ပေါ်တူဂီကနေ ပေါ်ထွက်နေတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းကပဲ မန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရှိရပါတယ်။