ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ Sky Germany ရဲ့ သတင်းထောက်တစ်ဦးက လာမယ့် နွေစျေးကွက်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးအနေနဲ့ အသင်းကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ် ဒါမှမဟုတ် လာလီဂါပြိုင်ပွဲ တစ်ခုခုစီကို ပြောင်းရွှေ့သွားဖွယ် ရှိတယ်လို့ ဖော်ပြလာခဲ့ရာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းကြီး (၃)သင်းဖြစ်တဲ့ မန်စီးတီး လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

Photo Credit : Daily Express

အသက်(၃၃)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ပိုလန်လက်ရွေးစင် ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ၂၀၁၄ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ်ဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဘိုင်ယန်နဲ့ ဘောလုံးရာသီ (၈)ရာသီမြောက်ကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး(၃၀)ထိပါ သွင်းယူထားနိုင်တဲ့ လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘိုင်ယန်နဲ့ ဘွန်ဒစ်လီဂါအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပါ အသင်းလိုက် အောင်မြင်မှုတွေနဲ့ တစ်ဦးချင်း အောင်မြင်မှုတွေကို ရယူနိုင်ဖို့ ရေပန်းစားနေပေမယ့်လည်း ရာသီအကုန်မှာတော့ အသင်းနဲ့ လက်တွဲဖြုတ်ပြီး ပရီးမီးယားလိဂ် ဒါမှမဟုတ် လာလီဂါပြိုင်ပွဲတွေက ထိပ်တန်း အသင်းကြီး တစ်သင်းသင်းဆီကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Sportskeeda

လီဝန်ဒေါစကီးနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ လာလီဂါ ကလပ်အသင်းကြီး နှစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှာ ရီးယဲလ်အသင်းက ဘာပေကိုသာ အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်သလို ဘာစီလိုနာကလည်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် တိုက်စစ်ပိုင်းအတွက်ကိုလည်း ဟာလန်းကိုသာ အလိုရှိနေတာဖြစ်လို့ လီဝန်ဒေါစကီးအနေနဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေကိုသာ ရွေးချယ်ရဖွယ် ရှိလို့နေပါတယ်။ ပရီးမီးယားလိဂ်မှာတော့ တိုက်စစ်ပိုင်းအတွက် အားဖြည့်ဖို့ လိုအပ်နေတဲ့ မန်စီးတီးအသင်းက လီဝန်ဒေါစကီးကို စိတ်အဝင်စားဆုံး ဖြစ်နေသလို ဂျာမနီ ဘွန်ဒစ်လီဂါမှာ ကျင်လည်ခဲ့ဖူးတဲ့ ယာဂင်ကလော့ပ်နဲ့ သောမတ်တ်တူဟယ်လ်တို့ကလည်း လီဝန်ဒေါစကီးကို သူတို့ရဲ့ ကလပ်အသင်းတွေဆီ ခေါ်ဆောင်ချင်နေပါတယ်။ ဘိုင်ယန်ဘက်ကတော့ သူတို့ရဲ့ အမာခံ တိုက်စစ်မှူး လီဝန်ဒေါစကီးကို အသင်းကနေ လုံးဝလက်မလွတ်ချင်ပဲ တကယ်လို့ လက်လွတ်ရမယ်ဆိုရင်တော့ ဟာလန်းကိုပါ ပစ်မှတ်ထားလာနိုင်သလို ဖီအိုရင်တီးနားရဲ့ ဆာဘီးယား တိုက်စစ်မှူးလေး ဒူဆန်ဗလာဟိုဗစ်ကိုလည်း ချိန်ရွှယ်လာနိုင်ပါတယ်။