MySport Myanmar

ဆာလာနေရာမှာ အီဂျစ်ကြယ်ပွင့် မာမွတ်ရှ်နဲ့ အစားထိုးဖို့ ချိန်ရွယ်နေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းကတော့ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မိုဟာမက် ဆာလာနေရာမှာ ရေရှည် အစားထိုးဖို့အတွက် ဖရန့်ဖတ်သင်းက အီဂျစ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို ချိန်ရွယ်လျက် ရှိနေတယ်လို့ ဂျာမနီ အခြေစိုက် Sky Germany သတင်းမီဒီယာကြီးကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အီဂျစ်လက်ရွေးစင် တောင်ပံကစားသမားကြီး ဆာလာဟာ လီဗာပူးလ်ကို စတင် ရောက်ရှိချိန်ကနေ လက်ရှိအချိန်ထိ အသင်းအတွက် အားအထားရဆုံး တိုက်စစ်ကစားသမားတစ်ဦး ဖြစ်နေပေမယ့်လည်း အခုရာသီအပြီးမှာပဲ ဆာလာနဲ့ လီဗာပူးလ်တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

Photo Credit : Football365

လီဗာပူးလ်အနေနဲ့ ဆာလာ ဗန်ဒိုက်နဲ့ အာနိုးတို့ (၃)ဦးလုံး ဒီရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာမို့ ကစားသမား (၃)ဦးလုံးကို သက်တမ်းတိုးဖို့က မလွယ်ကူနိုင်တာကြောင့် ဆာလာကို သက်တမ်းမတိုးနိုင်ဘူးဆိုရင် လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်သွားရတော့မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးလ်က ဆာလာကိုသာ လက်လွတ်ရမယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် တောင်ပံကစားသမား အများအပြားကို ချိန်ရွယ်လို့ထားပြီး လီဗာပူးလ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ဆာလာနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဖရန့်ဖတ် တိုက်စစ်ကစားသမား မာမွတ်ရှ်လည်း ပါဝင်လာပါတယ်။

Photo Credit : KingFut

အသက် (၂၅)နှစ်အရွယ် မာမွတ်ရှ်ဟာ ဝုလ်ဖ်ဘတ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး စတုဂတ် ဆန့်ပေါ်လီအသင်းတွေမှာ အငှားနဲ့ ကစားခဲ့ဖူးသလို ပြီးခဲ့တဲ့ ၂၀၂၃မှာပဲ ဖရန့်ဖတ်အသင်းဆီ အလွတ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် မာမွတ်ရှ်က ဖရန့်ဖတ်နဲ့အတူ ဒုတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းလို့နေပါတယ်။

ပြီးခဲ့တဲ့ ရာသီကတည်းက ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံမှာ (၁၇)ဂိုး သွင်းယူနိုင်ခဲ့တဲ့ မာမွတ်ရှ်ဟာ ဒီရာသီမှာတော့ ပိုပြီး စွမ်းဆောင်ရည် ကောင်းလာခဲ့ပြီး ပြိုင်ပွဲစုံ (၁၁)ပွဲအတွင်းမှာပဲ (၁၀)ဂိုးအထိတောင် သွင်းယူထားနိုင်လို့ လတ်တလောမှာ သူ့ကို လီဗာပူးလ် အပါအဝင် ဥရောပ ထိပ်တန်းကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

Exit mobile version