ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အတွက် ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ထက် ခေါင်းတလုံး အသာရနေကြောင်း နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ ESPN သတင်းဌာနနဲ့ Marca သတင်းဌာနတို့က ဖော်ပြသွားကြပါတယ်။

လီဗာပူးဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကတော့ ပြည်တွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ စပါး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ အာဆင်နယ်တို့လောက်တောင် တောင့်တင်းမှု မရှိပါဘူး။

Photo Credit: Standard

ဒါကြောင့်ပဲ လီဗာပူးနည်းပြ ယာဂင် ကလော့ပ်က အသင်းရဲ့ ဘုတ်အဖွဲ့ထံ အသင်းကို နှစ်ပေါင်းများစွာ ဦးဆောင် ကစားနိုင်မယ့် ထိပ်သီး ကွင်းလယ်လူ တဦး ခေါ်ယူပေးဖို့ တောင်းဆိုထားပြီး လီဗာပူး ဘုတ်အဖွဲ့ကလည်း အသင်းရဲ့ အားနည်းချက် ဖြစ်နေတဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ပေးမယ်လို့ ကလော့ပ်အား ကတိပေးထားပါတယ်။

လက်ရှိမှာတော့ လီဗာပူးက ဒေါ့မွန်နဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဘယ်လင်ဟမ်ကို လာမယ့် နွေဈေးကွက်မှာ အမိအရ ခေါ်ယူနိုင်ဖို့ ယခုထဲက ဘယ်လင်ဟမ်ရဲ့ အေးဂျင့်နဲ့ ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေထံ ချိတ်ဆက်မှုတွေ ပြုလုပ်ထားကာ ဘယ်လင်ဟမ်ကလည်း လီဗာပူးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှု ရှိပါတယ်။

Photo Credit: Standard

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူး နှစ်သင်းစလုံးက ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ အပြိုင် လှုပ်ရှားနေကြရာမှာ ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ် အတွက် ဒေါ့မွန်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်းကို ပေးချေဖို့ တွန့်ဆုတ်နေပြီး လီဗာပူးကတော့ ဘယ်လောက်ကုန်ကုန် ဘယ်လင်ဟမ်ကို အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်ထက် ပိုပြီး ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနကလည်း လီဗာပူးဟာ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ တတ်နိုင်တဲ့ အရာအားလုံး လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ကလော့ပ်ရဲ့ ဘယ်လင်ဟမ်ကို အဆက်မပြတ် ဆက်သွယ်နေမှုကြောင့် ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်ထက် လီဗာပူးဆီ ပြောင်းဖို့ ပိုမို စိတ်ဝင်စားနေကြောင်း ဆိုပါတယ်။