ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက စကော့တလန် နာမည်ကြီးကလပ် အဘားဒင်းရဲ့ လူငယ်ကြယ်ပွင့် ကယ်လ်ဗင် ရမ်ဆေးကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ စကော့တလန် ယူ-၂၁ လက်ရွေးစင် လူငယ် ညာနောက်ခံလူ ရမ်ဆေးဟာ အဘားဒင်းရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး အနာဂတ်မှာ စကော့တလန် လက်ရွေးစင်အသင်း အတွက် အားကိုးရမယ့် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Daily Record

ညာခြေအားသန် ကစားသမား တဦး ဖြစ်တဲ့ ရမ်ဆေးက အနာဂတ်မှာ စကော့တလန် လက်ရွေးစင်အသင်းရဲ့ ညာနောက်ခံနေရာကို အပိုင်သိမ်းနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရသူ ဖြစ်ပြီး သူ့ရဲ့ တိကျလှတဲ့ ဖြတ်တင်ဘော ပေးပို့မှုတွေကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂိုးဖန်တီးမှု ၉ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်က အသင်းရဲ့ အဓိက ညာနောက်ခံလူ အာနိုးလ်ရဲ့ အရန် ကစားသမား အဖြစ် ထားဖို့ ရမ်ဆေးကို ခေါ်ယူချင်နေတာ ဖြစ်ပြီး ယနေ့မှာတော့ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ရမ်ဆေးကို ၅နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Daily Record

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက ရမ်ဆေးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့သလို ရမ်ဆေးရဲ့ ပြောင်းရွှေ့ကြေး အတွက် အဘားဒင်းနဲ့ ဆက်လက် ဆွေးနွေးနေပြီး အဘားဒင်းဘက်က ရမ်ဆေးအတွက် ယူရို ၁၀သန်း ဝန်းကျင် အလိုရှိနေကြောင်းလည်း သိရပါတယ်။

ကဲ ကလော့ပ်ရဲ့ လီဗာပူးကတော့ နွေဈေးကွက်ထဲမှာ အတော်လေးကို သွက်သွက်လက်လက်နဲ့ လှုပ်ရှားနေပါပြီ။