အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ လီဗာပူးအသင်းကတော့ ဘွန်ဒက်လီဂါ နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ ရက်ဘူးလ် လိုက်ပ်ဇက်အသင်းရဲ့ နောက်ခံလူ ကိုနာတေးကို ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး ဘောလုံးသတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ၂၁အသင်း လက်ရွေးစင် ကိုနာတေးဟာ ဗဟိုနောက်ခံလူနေရာနဲ့ ညာနောက်ခံလူ နေရာတွေမှာ ကစားနိုင်စွမ်းရှိတဲ့ ကစားသမား ဖြစ်ပြီး လီဗာပူးအသင်းနဲ့ ကာလရှည် သတင်းတွေ ထွက်ပေါ်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Metro

လီဗာပူးအသင်းဟာ ခံစစ်ပိုင်းမှာ ဗန်ဒိုက် ၊ ဂိုမက်စ် ၊ ဖာဘင်ဟို ၊ မာတစ် ၊ ကာဘက် ၊ ဖီးလစ် ၊ ဝီလီယံ စတဲ့ ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ဗန်ဒိုက်နဲ့ ဂိုမက်စ်တို့ဟာ ကာလရှည် ဒဏ်ရာတွေနဲ့ အနားယူနေရသလို မာတစ်ဟာ အသင်းကို စွန့်ခွာဖို့ များနေတာကြောင့် ဖာဘင်ဟို တဦးထဲသာ အသင်းရဲ့ အမာခံ ဗဟိုခံစစ်မှူး အဖြစ် ရှိနေတဲ့ အနေအထားကြောင့် ကိုနာတေးကို ခေါ်ယူဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ လိုက်ပ်ဇက်အသင်းဟာ ကိုနာတေးကို ရောင်းချဖို့ အတွက် ဆန္ဒမရှိပေမယ့် လီဗာပူးအသင်းဟာ ကိုနာတေးရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေကာ ကိုနာတေးကို ခေါ်ယူသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Metro

ကိုနာတေးဟာ လက်ရှိ ဘောလုံးရာသီမှာ လိုက်ပ်ဇက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲအထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ သူ့ရဲ့ မာကျောတဲ့ ကစားဟန် ၊ လျင်မြန်မှုတွေကြောင့် လီဗာပူးအသင်းအတွက် ဗဟိုခံစစ်နေရာနဲ့ ညာနောက်ခံလူ နေရာတွေမှာ ကစားပေးနိုင်စွမ်း ရှိကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သတ်ရင် စိတ်ချရတဲ့ ဖာဘရီဇီယို ရိုမာနိုကတော့ လီဗာပူးအသင်းဟာ ကိုနာတေးကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး လီဗာပူးအသင်းဟာ ကိုနာတေးရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၃၅သန်းကို လိုက်ပ်ဇက်အသင်းထံ ပေးချေသွားမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။