ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူးအသင်း ကတော့ ယခုအပတ် အတွင်းမှာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို ခပ်မြန်မြန် လုပ်ဆောင် လာခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကွင်းလယ်လူ အယ်ကန်တာရာကို ခေါ်ယူအပြီးမှာတော့ ဝုဗ်အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဒီယေဂို ဂျိုတာကိုပါ ထပ်မံ ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိသွားပြီ လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အဖွင့်ပွဲစဉ် ဖြစ်တဲ့ လိဒ်ယူနိုက်တက် အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရရှိဖို့ ရုန်းကန်ခဲ့ရ အပြီးမှာတော့ ချန်ပီယံဆုဖလားကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် လူအင်အား ဖြည့်တင်းမှုတွေကို ပြုလုပ်လာတာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ တောင်ပံတိုက်စစ် ကစားသမား ဒီယေဂို ဂျိုတာ ဟာ ဘယ်တောင်ပံမှာ အဓိက ကစားသူ ဖြစ်ပေမယ့် လိုအပ်လာပါက နောက်ချန်တိုက်စစ်နဲ့ ညာတောင်ပံတို့မှာပါ ထွက်ကစားနိုင်တာကြောင့် လီဗာပူးအသင်း အတွက် အတော်လေးကို အားရစရာ ကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။ ဂျိုတာဟာ ၂၀၁၈ ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ဝုဗ်အသင်းထံ ယူရို ၁၄သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဝုဗ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၃၁ ပွဲ ကစားပေးခဲ့ရာ ၄၄ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ၁၉ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့သူပါ။ ဒါ့ကြောင့် ဂျိုတာဟာ အသင်း အတွက် သွင်းဂိုးတွေရော ၊ ဂိုးဖန်တီးမှုတွေပါ ပြုလုပ်ပေးနိုင်တဲ့ ကစားသမားတစ်ဦး ဆိုလည်း မမှားပါဘူး။

Photo Credit: Sky Sports

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ယုံကြည် စိတ်ချရတဲ့ The Athletic UK သတင်းဌာနရဲ့ ဖော်ပြချက် အရ လီဗာပူးအသင်းဟာ ဂျိုတာကို ခေါ်ယူဖို့ အတွက် ဝုဗ်အသင်းနဲ့ သဘော တူညီမှု ရရှိခဲ့ပြီး ဂျိုတာအတွက် ဝုဗ်အသင်းအား ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း ဝန်းကျင် ပေးရမယ် လို့ သိရှိရပါတယ်။ အပြောင်းအရွှေ့တွေရဲ့ ဘုရင်လို့ တင်စားထားကြတဲ့ သတင်းထောက် Fabrizio Romano ကလည်း ဂျိုတာရဲ့ သတင်း အပေါ် အတည်ပြုပေးထားပြီး ဂျိုတာဟာ လီဗာပူးအသင်းနဲ့အတူ ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ကဲ တတိယမြောက် ကစားသမားသစ် ကို ကြိုဆိုဖို့အတွက် အဆင်သင့်ပဲလား လိုင်ဗာတွေရေ….။