ဒီနှစ် နွေဈေးကွက်အတွင်း ကစားသမားသစ်(၃)ဦးထိ ခေါ်ယူထားနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာတော့ ကစားသမား ရောင်းချမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချတော့မှာ ဖြစ်သလို ဂျပန်စူပါစတား မီနာမီနိုကိုလည်း မိုနာကိုအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁၅.၅)သန်းနဲ့ ရောင်းချသွားဖို့ သဘောတူညီလိုက်တယ်လို့ သိရှိရပါတယ်။

Liverpool have agreed a deal to sell Takumi Minamino to Monaco for double what they paid

Photo Credit : The Sun

သတင်းမီဒီယာများစွာကနေ မီနာမီနိုရဲ့ သတင်းကို ဖော်ပြလာခဲ့ပြီး လီဗာပူးလ်အသင်းဘက်က သဘောတူညီခဲ့ရုံသာမကပဲ မီနာမီနိုကိုယ်တိုင် မိုနာကိုအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာဖြစ်လို့ အပြောင်းအရွှေ့ လုံးဝအပြီးသတ်ဖို့အတွက် ဆေးစစ်မှုတစ်ခုလောက်သာ ကျန်ရှိနေပါတော့တယ်။ မိုနာကိုအသင်းဟာ ဂျပန်လက်ရွေးစင် ကစားသမား မီနာမီနိုအတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်း အပိုဆုကြေး ပေါင်(၂.၅)သန်း စုစုပေါင်း ပေါင်(၁၅.၅)သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းမှုကိုလည်း လီဗာပူးလ်အသင်းဘက်က သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

Takumi Minamino catches eyes of new suitor thanks to obscure former  Liverpool employee

Photo Credit : TEAMtalk

အသက်(၂၇)နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမား မီနာမီနိုဟာ အရည်အသွေးမြင့် အာရှကစားသမားတစ်ဦး ဆိုပေမယ့်လည်း ထိပ်တန်းကစားသမားတွေ များစွာပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပါတယ်။ ၂၀၂၀ခုနှစ် ဇန်နဝါရီလကမှ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်ကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့သူ မီနာမီနိုဟာ အသင်းအတွက် စုစုပေါင်း (၅၅)ပွဲ ပါဝင်ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး(၁၄)ဂိုး သွင်းယူနိုင်ခဲ့သလို ဆောက်သမ်တန်အသင်းမှာလည်း ရာသီဝက်အငှားနဲ့ ပါဝင်ဖြစ်ခဲ့ပါသေးတယ်။ ပွဲကစားခွင့်တွေ နည်းပါးနေမှုနဲ့ အနာဂတ် မသေချာမှုတို့ကြောင့် မီနာမီနိုကိုယ်တိုင် လီဗာပူးလ်နဲ့ လက်တွဲဖြုတ်သွားဖို့ ဆန္ဒရှိနေခဲ့ပြီး ချူယာမန်နီ ဖာဘရီဂတ်စ်တို့လို ကစားသမားကောင်းတွေနဲ့ လမ်းခွဲခဲ့ရတဲ့ လီဂူးကလပ် မိုနာကိုအသင်းနဲ့ ပူးပေါင်းဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်ဘက်ကတော့ မီနာမီနိုကို ခေါ်ယူခဲ့စဉ်တုန်းက ပြောင်းရွှေ့ကြေး ပေါင်(၇.၂၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုအချိန်မှာ ပေါင်(၁၅.၅)သန်းဝန်းကျင်နဲ့ ပြန်လည်ရောင်းချမှာဖြစ်လို့ မီနာမီနိုရဲ့ အပြောင်းအရွှေ့ကနေ အကျိုးအမြတ်တွေ ရှိခဲ့ရပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ မာနေးနဲ့ မီနာမီနိုတို့ နှစ်ဦးစလုံးကို ရောင်းချတော့မှာဖြစ်သလို အော်ရီဂီနဲ့ ကာရီးယပ်စ်တို့ကိုလည်း အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုထားပါတယ်။