ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးဟာ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်ရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ကာဗယ်ဟိုကို ခေါ်ယူဖို့ အသင်းနဲ့ရော ၊ ကစားသမားနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း နာမည်ကြီး သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၁၉နှစ် အရွယ် ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ကာဗယ်ဟိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဖူလ်ဟမ်နဲ့အတူ တောက်ပနေတဲ့ ကစားသမား တဦး ဖြစ်ပြီး ဖူလ်ဟမ်အတွက် ပြိုင်ပွဲစုံမှာ ၃၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Eurosports

ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ်လူ အဖြစ် ကစားနိုင်စွမ်း ရှိတဲ့ ကာဗယ်ဟိုဟာ ညာခြေအားသန် ကစားသမား တဦး ဖြစ်ပြီး တိုးအားရုန်းကား ကောင်းမွန်ကာ အသင်းလိုက် ကစားတတ်တာကြောင့် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ရဲ့ စိတ်ကြိုက် လူငယ် ကစားသမားပဲ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ တောင်းဆိုမှုကြောင့်ပဲ လီဗာပူးက ကာဗယ်ဟိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာထဲက အပူတပြင်း ကြိုးပမ်းခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ စာရွက်စာတမ်း ကိစ္စတွေကို အပြီးမသတ်နိုင်ခဲ့တာကြောင့် ကာဗယ်ဟိုက လီဗာပူးရဲ့ ကစားသမား မဖြစ်လာခဲ့တာပါ။

Photo Credit: Eurosports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက ကာဗယ်ဟိုကို ခေါ်ယူဖို့ ယမန်နေ့ညမှာပဲ ဖူလ်ဟမ်နဲ့ သဘောတူညီမှု ရရှိခဲ့ကာ လီဗာပူးက ကာဗယ်ဟို အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅သန်း + အပိုဆုကြေး ယူရို ၂.၇သန်း ပေးချေရဖို့ ရှိသလို ကာဗယ်ဟိုကို တဆင့် ပြန်လည် ရောင်းချရာမှ ရလာတဲ့ ငွေကြေးရဲ့ တချို့တဝက်ကိုလည်း ဖူလ်ဟမ်ထံ ပေးချေရမယ်လို့ သိရပါတယ်။

ကာဗယ်ဟိုကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ထဲက လီဗာပူးထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပြီး လီဗာပူးက သူ့ကို ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားပါတယ်။