ပူပူနွေးနွေး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်း ကတော့ ချန်ပီယံဆုဖလားကို ကာကွယ်ရမယ့် လာမယ့် ရာသီအတွက် အင်အားဖြည့်တင်းမှု တစ်ရပ်အနေနဲ့ ပထမဦးဆုံး နွေရာသီ ခေါ်ယူမှု ကို ပြုလုပ်နိုင်တော့မယ်လို့ သိရှိရပါတယ်။ လီဗာပူးအသင်းဟာ ဂျာမန်ကလပ် ဘိုင်ယန် မြူးနစ်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ စပိန် ကွင်းလယ် ကစားသမား အယ်ကန်တာရာကို ခေါ်ယူဖို့အတွက် အလွန်အမင်း နီးစပ်နေပြီ ဖြစ်ကာ အယ်ကန်တာရာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုပါ ရယူသွားနိုင်ခဲ့ပြီး ဘိုင်ယန် မြူးနစ်အသင်းနဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းဖို့သာ ကျန်တော့တယ်လို့ SPORT သတင်းဌာနက​ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Mirror

အသက်၂၉နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပိန် ကွင်းလယ် ကစားသမား အယ်ကန်တာရာဟာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားကောင်း တစ်ဦးဖြစ်ပြီး လာမယ့် ၂၀၂၁ ဘောလုံးရာသီ အကုန်မှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ သက်တမ်း ကုန်ဆုံးတော့မယ့်သူလည်း ဖြစ်ပါတယ်။ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ် လာတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အယ်ကန်တာရာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် အယ်ကန်တာရာက ဂျာမဏီမြေ မှာ ဆက်ရှိနေဖို့ထက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုတာကြောင့် အင်္ဂလန်ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ဖို့အတွက် ရွေးချယ်ခဲ့တာဖြစ်ပြီး လီဗာပူးအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။

Photo Credit: Mirror

လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ နာဘီကီတာ ၊ ဝစ်နယ်ဒန် ၊ ဟန်ဒါဆန် ၊ ဖာဘင်ဟို စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ်လူတွေ အားလုံးဟာ လုပ်အားနှုန်းနဲ့ ခံစစ်ပိုင်းမှာသာ အားသာတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် အယ်ကန်တာရာလို ဘောလုံးဖြန့်ဝေမှုပိုင်းမှာရော ၊ တိုက်စစ် လိုက်ပါမှုပိုင်းမှာပါ အားကောင်းတဲ့ ကစားသမားကို လီဗာပူးနည်းပြဖြစ်သူ ကလော့ပ်က ခေါ်ယူလိုနေတာပါ။ SPORT သတင်းဌာနရဲ့ ဖော်ပြမှုအရတော့ လီဗာပူးအသင်းဟာ သီယာဂို အယ်ကန်တာရာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့သလို အယ်ကန်တာရာ အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးရာမှာလည်း အတော်လေး အောင်မြင်မှု ရထားတယ်လို့ သိရှိရပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဘက် ကတော့ အယ်ကန်တာရာအတွက် ပြောင်းရွှေ့ကြေး ယူရို၃၅သန်းအထိ အလိုရှိနေပါတယ်။