လီဗာပူးလ်အသင်းကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို မယ်မယ်ရရ ခေါ်ယူနိုင်သေးခြင်းမရှိပဲ အိုလံပီယာကော့စ်အသင်းရဲ့ ဂရိလက်ရွေးစင် ဘယ်နောက်ခံကစားသမား ဆီမီကက်တစ်ယောက်တည်းကိုပဲ ခေါ်ယူထားနိုင်ခဲ့တာကြောင့် အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် အားမလိုအားမရဖြစ်နေကြတဲ့ အသင်းပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး သူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ သီယာဂိုအယ်ကန်တာရာကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေးကိုပါ သဘောတူညီသွားနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Metro

လီဗာပူးလ်အသင်းဟာ အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင်ကစားသမား သီယာဂိုအယ်ကန်တာရာကို ဘိုင်ယန်အသင်းကနေ ခေါ်ယူသွားဖို့အတွက် အဓိကပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့်လည်း ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့သည်တိုင် ပြောင်းရွှေ့ကြေးပိုင်းမှာ အဆင်မပြေခဲ့လို့ အပြောင်းအရွှေ့အထမြောက်ဖို့က ကြန့်ကြာနေခဲ့ရတာဖြစ်ပါတယ်။ ဒီအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကပါ သီယာဂိုကို ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းလာခဲ့ရာ လီဗာပူးလ်အတွက် စိုးရိမ်စရာဖြစ်လာခဲ့ရပြီး နောက်ဆုံးမှတော့ ဘိုင်ယန်ဘက်ကနေ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့ ကမ်းလှမ်းဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Mirror

Sky Sports ကနေ ထုတ်ပြန်လာတဲ့ သတင်းများအရ လီဗာပူးလ်အသင်းဟာ သီယာဂိုအတွက် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၂၂)သန်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်ပြီး အပိုဆုကြေးအပါအဝင် ပေါင်(၂၇)သန်းဝန်းကျင်လောက်ရှိမယ်လို့ သိရပါတယ်။ သီယာဂိုဟာ လီဗာပူးလ်အသင်းအတွက် အမှန်တကယ် လိုအပ်နေတဲ့ ဖန်တီးမှုအားကောင်းပြီး ဘောလုံးအမြင်စူးရှတဲ့ အရည်အသွေးမြင့် စပိန်ကစားသမားတစ်ယောက်ဖြစ်ကာ ကစားသမားကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ရဲ့လက်အောက်မှာ ပါဝင်ကစားချင်နေသူဖြစ်ပါတယ်။ ဒါပေမယ့် အသင်းကို သီယာဂိုသာ ရောက်လာခဲ့မယ်ဆိုရင်တော့ အသင်းရဲ့နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ရဲ့အနာဂတ်တွေက ပိုမိုလှုပ်ခတ်လာဖွယ်ရှိနေနိုင်ပြီး ဘာစီလိုနာအသင်းနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ပြန်လည်ထွက်ပေါ်လာနိုင်ပါတယ်။ ဝိုင်နယ်ဒန်ဟာ လက်ရှိမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိနေသူဖြစ်ပြီး အသင်းမှာ ဆက်ရှိနေချင်သေးပေမယ့် သက်တမ်းတိုးဖို့ကိစ္စကို လီဗာပူးလ်ဘက်ကနေ နှေးကွေးနေတဲ့အတွက် ကစားသမားကိုယ်တိုင်ကပါ စိတ်ပျက်နေရပါတယ်။