အင်္ဂလန်နိုင်ငံရဲ့ ဥရောပဂုဏ်ဆောင် အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ဖလား ကို ဆွတ်ခူးနိုင်ခဲ့သလို ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလား စတဲ့ ဖလားတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အသင်းပါ။ ဒါ့အပြင် လီဗာပူးအသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာလည်း သူမတူအောင် အစွမ်းပြထားနိုင်ခဲ့ပြီး ဝက်ဖို့ဒ်အသင်းကို အမှတ်မထင် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ၊ အစဉ်အလာပြိုင်ဘက် မန်ယူအသင်းကို အဝေးကွင်းမှာ သရေကျခဲ့တဲ့ပွဲတွေကလွဲရင် ကျန်တဲ့ပွဲစဉ်တွေအားလုံးကို အနိုင်ရထားခဲ့ပြီး နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပြည်တွင်း အမှတ်ပေးဖလားကို ပြန်လည်ရယူဖို့အတွက် အသင့်ရှိနေပြီဖြစ်ကြောင်း ပြသထားခဲ့ပါတယ်။

Photo Credit: Standard.com

ပရီးမီးယားလိဂ်ပွဲ ၂၉ပွဲ ကစားပြီးတဲ့အချိန် မှာ ဒုတိယနေရာက ၂၈ပွဲသာ ကစားထားရသေးတဲ့ မန်စီးတီးအသင်းကို ၂၅မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာက လီဗာပူးအသင်းရဲ့ ချန်ပီယံခြေစွမ်း ကို မီးမောင်းထိုးပြနေတာဖြစ်ပြီး နောက်ထပ် ပွဲစဉ်နှစ်ပွဲကို အနိုင်ယူနိုင်ခဲ့ပါက လီဗာပူးအသင်း ဟာ ချန်ပီယံ ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါ အချိန်မှာတော့ လီဗာပူးအသင်း စိုးရိမ်ရတဲ့ ကံကြမ္မာဆိုးတစ်ခုဟာ အင်္ဂလန်နိုင်ငံထဲကို ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကို ခေတ္တ ရပ်နားသွားစေခဲ့ပါတယ်။ အဆိုပါ ကြမ္မာဆိုးကတော့ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ကနေ စတင်ပြီး မြစ်ဖျားခံ ကူးစက်လာတဲ့ ကိုရိုနာရောဂါပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

အသက်ရှူလမ်းကြောင်းတွေကနေ စတင်ပြီး ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်ဟာ လက်ရှိမှာတော့ ကမ္ဘာကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေးပြဿနာဖြစ်နေပြီး အင်္ဂလန်မှာလဲ အဆိုပါဗိုင်းရပ်ကူးစက်လာတာကြောင့် လူစုလူဝေး ဖြစ်ပေါ်စေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကလပ်အသင်းတွေရဲ့ သဘောတူညီချက်နဲ့ ဧပြီလ ၃၀ရက်နေ့အထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ပရီးမီးယားလိဂ်အသင်းတွေရဲ့ အကြီးအကဲတွေဟာ ကိုရိုနာဗိုင်းရပ်ရဲ့ ဟန့်တားရခက်ခဲတဲ့ လက္ခဏာရပ်တွေကြောင့် အခုချိန်မှာတော့ ယခုနှစ်ပရီးမီးယားလိဂ် ရာသီကို ဖျက်ပစ် ဖို့ ဆန္ဒပြင်းပျလာကြပြီလို့ သိရပါတယ်။ ကနဦးမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ အကြီးအကဲတွေဟာ မတ်လကနေစတင်ပြီး ပြိုင်ပွဲတွေကို ပြန်လည် စတင်နိုင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် လက်ရှိမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတဲ့ လူတွေ ပိုမိုများပြားလာခဲ့တာကြောင့် လက်ရှိ ပရီးမီးယားလိဂ်ရာသီကို ဖျက်သိမ်းပစ်လိုနေကြပြီး နောက်တစ်ကြိမ်အစည်းအဝေးမှာ အဆိုပါ ကိစ္စရပ်ကို ဆွေးနွေးသွားဖွယ်ရှိတယ်လို့ ခိုင်လုံတဲ့ သတင်းတွေအရ သိရပါတယ်။ ဒီသတင်းဟာ အမှတ်ပေးဖလား ရရှိဖို့ နှစ်ပေါင်းများစွာ ကြိုးစားလာရတဲ့ လီဗာပူးအသင်းအတွက်တော့ စိုးရိမ်ရတဲ့ သတင်းတစ်ခုဖြစ်နေပါတယ်။