ယခုနှစ် အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်လာဖို့ နီးစပ်နေသလို ရှုံးပွ​ဲ မရှိနဲ့ပါ ချန်ပီယံဖြစ်ဖို့ မျှော်မှန်းထားကြတဲ့ လီဗာပူးလ်အသင်းဟာ ယနေ့ည ၉နာရီခွဲအချိန် မှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဆောက်သမ်တန် အသင်းနဲ့ပွဲစဉ်မှာလည်း ဂိုးပြတ် နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Metro.com

ဒီရာသီမှာ လီဗာပူးလ်ရဲ့ ၂၄ပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲအဖြစ် မှတ်တမ်းတင်ခွင့်ရခဲ့တဲ့ ပွဲကိုတော့ အန်ဖီးလ်ကွင်းထဲမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ သွင်းဂိုးတွေ ရရှိဖို့အတွက် အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ အဓိက ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ မာနေး မပါဝင်နိုင်ချိန်မှာ လီဗာပူးလ်အသင်းဟာ ပိတ်ဆော့တဲ့ ဆောက်သမ်တန်အသင်းရဲ့ ခံစစ် ကို ဖြိုခွင်းဖို့ ခက်ခဲခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်မှာတော့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Metro.com

ဒါပေမယ့် ကြိုးစားမှုတိုင်းဟာ အမြဲတမ်း အောင်မြင်မှုရတယ်ဆိုတဲ့ စကားအတိုင်းပ​ဲ ဒုတိယပိုင်း ပြန်လည်စတင်တယ်ဆိုတာနဲ့ လီဗာပူးလ်အသင်းဟာ အဖွင့်ဂိုးရရှိခဲ့ပြီး အဖွင့်ဂိုးကို ပွဲကစားချိန် ၄၇မိနစ်မှာ ချိန်ဘာလိန်က သွင်းယူပေးခဲ့တာပါ။ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် စိန့်တို့ရဲ့ ကစားပုံဟာ တက်မလာခဲ့ပဲ ကြိုးကြာနီတို့ရဲ့ တိုက်စစ်ကိုသာ အလူးအလဲ ခုခံကာကွယ်ခဲ့ရပြီး ပွဲကစားချိန် မိနစ်၆၀မှာ ဟန်ဒါဆန်က ဖာမီနိုရဲ့ ပေးပို့မှုကနေ ဒုယတိဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြန်ပါတယ်။

Photo Credit: Metro.com

ဦးဆောင်ဂိုးနှစ်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ဆောက်သမ်တန်အသင်းဟာ တန်ပြန်တိုက်စစ် ကို အနည်းငယ် အားပြုကစားလာခဲ့ပေမယ့် နောက်ထပ် ဦးဆောင်ဂိုးတွေ ထပ်မံရရှိခဲ့တာက လီဗာပူးလ်အသင်းပဲ ဖြစ်ပြီး လီဗာပူးလ်အသင်း အတွက် ပွဲသိမ်းဂိုးတွေကိုတော့ ပွဲကစားချိန် ၇၂မိနစ်နဲ့ ၉၁မိနစ်တို့မှာ အဓိကတိုက်စစ်မှူး ဆာလက်က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။