ယနေ့မနက် ၂နာရီခွဲအချိန်မှာ ကစားခဲ့ရတဲ့ ပွဲကြီးပွဲကောင်းတစ်ခုဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အက်ဖ်အေဖလားပွဲမှာတော့ အိမ်ရှင်ချယ်လ်ဆီးအသင်းဟာ ဧည့်သည် လီဗာပူးလ်အသင်းကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်အဆင့် ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကိုတော့ တောင်ပံတိုက်စစ် ကစားသမား ဝီလီယံနဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဘာကလေတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီရှုံးပွဲကြောင့် လီဗာပူးလ်အသင်း ဟာ နောက်ဆုံးကစားခဲ့တဲ့ လေးပွဲမှာ သုံးပွဲရှုံးပွဲတွေ့ခဲ့တဲ့ မှတ်တမ်းဆိုးကို ရရှိခဲ့ပါတယ်​။

Photo Credit: Mirror.com

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် ၁၆သင်း အဆင့်ရှုံးထွက်ပွဲစဉ် ပထမအကျော့မှာ အက်သလက်တီကို မက်ဒရစ်အသင်းကို စပိန်မြေမှာ ကွင်းလယ်လူ ဆာအူလ်ရဲ့ သွင်းဂိုးကြောင့် တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီး အဲ့ဒီနောက် ပြန်ကန်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာတော့ နောက်ကျသွင်းဂိုးတွေနဲ့ နိုင်ပွဲပြန်ရခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တန်းဆင်းဇုန်အန္တရာယ်ကြောင့် ရုန်းကန် နေရတဲ့ ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ကာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိဖြစ်နေတဲ့ စံချိန်ကျိုးပျက်ခဲ့ရသလို ချယ်လ်ဆီးနဲ့ပွဲမှာလည်း ရှုံးပွဲတွေ့ခဲ့ရတာကြောင့် ဖလားတစ်လုံး လက်လွှတ်ရပြန်ပါတယ်။

Photo Credit: Mirror.com

လက်ရှိအချိန်မှာတော့ လီဗာပူးလ်အသင်း အခုလို ရှုံးပွဲတွေဆက်တိုက်တွေ့နေမှုအပေါ် ဘောလုံးပရိသတ်တွေက အံ့အားသင့်နေကြသလို အဆိုပါဖြစ်ရပ်များဟာ မန်ယူဖန် ကလေးရဲ့ ကလော့ပ်ထံပေးစာနဲ့ သက်ဆိုင်နိုင်တယ်လို့ သုံးသပ်ဝေဖန်နေကြပါတယ်။ မန်ယူဖန်တစ်ဦး ဖြစ်တဲ့ အသက်၁၀နှစ်အရွယ် ကလေးငယ် ဒရက်ကာလေဟာ လီဗာပူးလ်အသင်းကို ရှုံးပွဲတွေရအောင် လုပ်ပေးပါဆိုပြီး ကလော့ပ်ထံ စာရေးသားတောင်းဆိုခဲ့တာဖြစ်ကာ အဆိုပါ ဖြစ်ရပ်အပြီးမှာတော့ လီဗာပူးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လေးပွဲမှာ သုံးပွဲရှုံးနိမ့်ခဲ့ရပါတယ်။ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနမိတ်ထွန်း ဆိုတဲ့ ဆိုရိုးအတိုင်းပဲ ကလေးတွေရဲ့ ပြောစကားတွေက အမှန်တေ​ွ ဖြစ်လာတတ်တာဟာ လီဗာပူးလ်အသင်းကို ထိခိုက်နေစေသလားဆိုတာကတော့…..။