MySport Myanmar

ဂါဘရီရယ်ဟိန့်ဇီက သူရဲ့ စံပြကစားသမားလို့ မန်ယူ ကစားသမားသစ် မာတီနက်ဇ် ပြောဆို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က မန်ယူနိုက်တက်အသင်းနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းတွေရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲ့ ဂါဘရီရယ်ဟိန့်ဇီကသူ့အတွက်တော့ စံပြကစားသမားကြီးတစ်ဦးလို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester United

ဒီနှစ် နွေဈေးကွက်အတွင်းမှာ အိုင်းယတ်စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၅၅.၃)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင် နောက်ခံကစားသမား မာတီနက်ဇ်ဟာ သူ့ရဲ့ ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ စီနီယာ ကစားသမားဟောင်းကြီးဖြစ်သူ ခံစစ်မှူး ဂါဘရီရယ်ဟိန့်ဇီက သူရဲ့ စံပြ ကစားသမားတစ်ဦးဖြစ်ပြီး ဟိန့်ဇီကိုယ်တိုင်က မန်ယူနိုက်တက်မှာ ကစားခဲ့တာကြောင့် သူ့အနေနဲ့လည်း ဒီအသင်းဆီကို ပြောင်းရွှေ့ကစားချင်တာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Photo Credit : SportsMole

မာတီနက်ဇ်က “ဂါဘရီရယ်ဟိန့်ဇီက ကျွန်တော်ရဲ့ စံပြကစားသမားပါ။ ခင်ဗျား ပြောခဲ့သလိုပဲ သူက ဒီမှာ ကစားခဲ့တာဖြစ်လို့ ကျွန်တော်ကိုယ်တိုင် ဒီနေရာမှာ ရှိနေဖို့ကလည်း အရမ်းကို အရေးကြီးနေခဲ့တာ။ ဒါကလည်း ကျွန်တော်ရဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုပါပဲ။ သူရဲ့ဖြတ်ထုတ်မှုတွေ ဘောလုံးပေးပို့မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ မာကြောမှုတွေကြောင့် ကျွန်တော် သူ့ကို အရမ်းနှစ်ခြိုက်ခဲ့ရတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ မာတီနက်ဇ်ကို သူရဲ့ idol ဟိန့်ဇီကို မန်ယူနိုက်တက်အသင်းမှာ ပါဝင်နေချိန်မှာမှ အားပေးခဲ့ရတာ မဟုတ်ပဲ ဟိန့်ဇီရဲ့ စီနီယာ ဘောလုံးသမားဘဝကို စတင်ခဲ့တဲ့ အာဂျင်တီးနားကလပ် နယူးဝဲလ်စ်အိုးဘွိုင်းစ် အသင်းသားအဖြစ် ကစားခဲ့ချိန်မှာကတည်းက ရူးရူးမူးမူး အားပေးခဲ့တာ ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ အသက်(၄၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဟိန့်ဇီဟာ ၂၀၀၄ခုနှစ်ကမှ ပီအက်စ်ဂျီကနေ မန်ယူနိုက်တက်အသင်း ပြောင်းရွှေ့ကြေး ပေါင်(၆.၉)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် (၃)ရာသီ ပါဝင်ခဲ့ကာ ၂၀၀၆-၂၀၀၇ ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၄-၂၀၀၅ ဘောလုံးရာသီမှာလည်း မန်ယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး ဘောလုံးသမားဆု ဆာမတ်ဘစ်ဘီဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဟိန့်ဇီဟာ သူ့ကို လွန်စွာနှစ်သက်နေတဲ့ မာတီနက်ဇ်လို center-back နဲ့ left-back ကစားသမားတစ်ဦးဖြစ်ပြီး နောက်ခံလူဖြစ်ပေမယ့် အရပ်အမောင်း သိပ်မမြင့်လှတဲ့ ကစားသမားမျိုးလည်း ဖြစ်ပါတယ်။

Exit mobile version