MySport Myanmar

သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင် ရောင်းချပေးဖို့ အေဂျက်စ်ကို မာတီနက်ဇ် တောင်းဆို

အေဂျက်စ်အသင်းရဲ့ အဓိက နောက်ခံကစားသမားဖြစ်သူ လီဆန်ဒရိုမာတီနက်ဇ်က သူ့အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာတာမျိုး ရှိလာခဲ့ရင် ရောင်းချပေးသွားဖို့ အေဂျက်အသင်းဆီ တွန်းအားပေး တောင်းဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ မာတီနက်ဇ်ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပါတယ်။

Photo Credit : United in Focus

အသက်(၂၄)နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင် နောက်ခံကစားသမား မာတီနက်ဇ်ဟာ အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းမှာ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ အေဂျက်စ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ အခုဆိုရင် မာတီနက်ဇ်က အေဂျက်စ်အသင်းနဲ့အတူ ဘောလုံးရာသီ(၃)ခုထိ ဖြတ်သန်းထားခဲ့ပြီဖြစ်ပြီး အသင်းနဲ့အတူ နယ်သာလန် အမှတ်ပေးချန်ပီယံဆုကို (၂)ကြိမ် ဆွတ်ခူးထားနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီက အေဂျက်စ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Twitter

ဗဟိုနောက်ခံလူ နေရာမှာ အဓိက ကစားတတ်သူဖြစ်တဲ့ မာတီနက်ဇ် လိုအပ်ရင် ဘယ်ခြမ်းခံစစ်မှာရော ကွင်းလယ်ခံစစ်မှာပါ ကစားတတ်သူဖြစ်ပြီး ခံစစ်စွမ်းဆောင်ရည်ကောင်းတွေလည်း ပြသနိုင်သူဖြစ်တာကြောင့် သူ့ကို ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေက အပြိုင်အဆိုင် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အဓိကတော့ မာတီနက်ဇ်နဲ့အတူ အေဂျက်စ်အသင်းမှာ လက်တွဲခဲ့တဲ့ နည်းပြအဲရစ်တန်ဟက်ဂ်က သူရဲ့ ကလပ်အသင်းသစ် ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ချင်နေသလို (၃)ယောက်တန်း ခံစစ်တန်းမှာ ဘင်ဝှိုက် ဂါဘရီရယ်တို့နဲ့အတူ မာတီနက်ဇ်ကိုပါ ပေါင်းစပ် အသုံးပြုချင်နေတဲ့ အာဆင်နယ်ကလည်း ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် လတ်လောမှာတော့ အာဆင်နယ်အသင်းရဲ့ ယူရိုသန်း(၄၀)တန် ကမ်းလှမ်းချက်နဲ့ ယူနိုက်တက်အသင်းရဲ့ ယူရို(၄၅)သန်းတန် ကမ်းလှမ်းမှုတွေကို အေဂျက်စ်အသင်းဘက်ကနေ အသီးသီး ပယ်ချထားခဲ့ပါတယ်။ မာတီနက်ဇ်ကိုယ်တိုင်ကတော့ သူရဲ့ ကစားသမားဘဝကို တစ်ဆင့်မြင့်တတ်နိုင်ဖို့အတွက်နဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲကြီးဆီမှာ ပါဝင်ကစားရဖို့အတွက် အေဂျက်စ်ကနေ ထွက်ခွာချင်တယ်လို့ အသင်းကို အသိပေးထားခဲ့သလို အခုလည်း သူ့ကို လက်တွေ့ဆန်တဲ့ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းလာခဲ့တယ်ဆိုရင် အဲ့ဒီကမ်းလှမ်းလာတဲ့ ကလပ်အသင်းဆီ ရောင်းချပေးဖို့ပါ အသင်းကို တွန်းအားပေး ပြောဆိုလိုက်ပါတယ်။

Exit mobile version