လီယွန်နယ်မက်ဆီရဲ့ ဖခင်လည်းဖြစ် အေးဂျင့်တစ်ဦးလည်းဖြစ်တဲ့ ဂျော့မက်ဆီနဲ့ ဘာစီလိုနာအသင်း ဥက္ကဌဖြစ်သူ ယိုဟန်လာပေါ်တာတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ လတုန်းက တွေ့ဆုံခဲ့ပြီး မက်ဆီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာ ဆွေးနွေး ပြောဆိုမှုတွေ လုပ်ဆောင်ကြဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။
Photo Credit : Daily Mail
အသက်(၃၅)နှစ်အရွယ် GOAT ကြီး မက်ဆီဟာ သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့က ချီတုံချတုံ ဖြစ်နေပြီး လာမယ့်နွေမှာ သူ့အသင်းဟောင်း ဘာစီလိုနာဆီကိုသာ ပြန်သွားဖွယ် ရှိနေသလို ဘာစီလိုနာအသင်းကိုယ်တိုင်ကလည်း မက်ဆီကို ပြန်လည် ခေါ်ယူဖို့ သူတို့ဘက်က ကြိုးပမ်းနေကြောင်း လူသိရှင်ကြား အသိပေးထားခဲ့ပါသေးတယ်။ ဒီလိုအချိန်မှာ မက်ဆီရဲ့ဖခင် ဂျော့မက်ဆီကိုယ်တိုင်ပါ ဘာကာဥက္ကဌ လာပေါ်တာနဲ့ တွေ့ဆုံဖြစ်ခဲ့သေးတဲ့အတွက် မက်ဆီ နဲ့ ဘာစီလိုနာတို့ ပြန်လည် လက်တွဲသွားကြတော့မလားလို့ ယူဆလာနိုင်ပေမယ့်လည်း The Mirror ရဲ့ သတင်းဖော်ပြချက်မှာတော့ ဒီတွေ့ဆုံမှုမှာ မက်ဆီ အပြောင်းအရွှေ့အကြောင်း ပြောဆိုဖြစ်ပုံ မရှိဘူးလို့သာ ဖော်ပြထားပါတယ်။
Photo Credit : Twitter
ဒီတွေ့ဆုံမှုက မက်ဆီအနေနဲ့ ဥရောပ ဘောလုံးနယ်ပယ်ထဲကနေ ထွက်ခွာသွားချိန် မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ နူးကမ့်ကွင်းကြီးမှာ ဂုဏ်ပြု နှုတ်ဆက်ပွဲတစ်ပွဲ ကျင်းပဖို့ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ Mirror ကနေ ဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးခြင်း မရှိတာမျိုးတော့ မဖြစ်နိုင်သလို ဘာစီလိုနာအသင်းအနေနဲ့ကလည်း ဘယ်လောက်ပဲ ဘဏ္ဍာရေး အခြေအနေတွေ ခက်ခဲနေပါစေ မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖို့အတွက်ကိုတော့ အစွမ်းကုန် ကြိုးပမ်းလာဖွယ် ရှိနိုင်ပါတယ်။
Photo Credit : Twitter
ကမ္ဘာ့ချန်ပီယံ မက်ဆီဟာ လာမယ့် ဇွန်လမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး ပီအက်စ်ဂျီဘက်က မက်ဆီနဲ့ သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့်လည်း ပဲရစ်မှာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေပါ ခံစားနေရတဲ့ မက်ဆီက ပီအက်စ်ဂျီကို စွန့်ခွာသွားဖွယ်သာ ရှိနေတာကြောင့် သူ့ကို အသင်းဟောင်း ဘာစီလိုနာ အပါအဝင် အမေရိကန် မေဂျာလိဂ်က ကလပ်အသင်းများနဲ့ ငွေသုံးကြမ်းတဲ့ ဆော်ဒီကလပ်အသင်းတွေက စိတ်ဝင်စားလျက် ရှိနေပါတယ်။