ကွင်းအတွင်းကွင်းအပြင် ပြသာနာများနဲ့ မတည်မငြိမ်ဖြစ်နေရတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိအသင်းရဲ့နည်းပြဖြစ်နေတဲ့ ဆက်တီယန်နဲ့လည်း အသင်းသားတွေရဲ့ကြားမှာ အစေးမကပ်မှုတွေ များပြားလာတာကြောင့် နည်းပြအပြောင်းအလဲလုပ်ဆောင်သွားရဖွယ် ရှိလို့နေပြီး အသင်းမှာ သြဇာလွှမ်းမိုးမှု အမျာဆုံးဖြစ်နေရတဲ့ လီယွန်နယ်မက်ဆီကတော့ ဆက်တီယန်ရဲ့နေရာမှာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ဝါရင့်နည်းပြကြီး မာဆယ်လိုဘီယယ်ဆာနဲ့ အစားထိုးစေချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : MDZ Online

အသက်(၆၄)နှစ်အရွှယ်ရှိ အတွေ့အကြုံရင့်နည်းပြကြီး ဘီယယ်ဆာဟာ လိဒ်စ်ယူနိုက်တက်အသင်းကို (၁၆)နှစ်ကြာ ဝေးကွာလို့နေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ပြန်လည်တတ်လှမ်းခွင့်ရအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့တာဖြစ်ပေမယ့် သူနဲ့ လိစ်ဒ်အသင်းတို့ကြား ချုပ်ဆိုထားခဲ့တဲ့ စာချုပ်သက်တမ်းက ဒီရက်သတ္တပတ်အတွင်းမှာ ကုန်ဆုံးတော့မှာဖြစ်သလို စာချုပ်သစ်ချုပ်ဖို့ကလည်း ကြန့်ကြာနေတာကြောင့် ဒီအခြေအနေကို အခွင့်ကောင်းယူဖို့ မက်ဆီက ဘာစီလိုနာအသင်းကို တိုက်တွန်းထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Goal

မက်ဆီနဲ့ ဘီယယ်ဆာတို့နှစ်ယောက်လုံးဟာ အာဂျင်တီးနားနိုင်ငံသားတွေဖြစ်သလို မက်ဆီရဲ့ပထမဆုံးသော ကလပ်အသင်းဖြစ်တဲ့ နယူးဝဲလ်အိုးဘွိုင်းအသင်းမှာလည်း ဘီယယ်ဆာက ကိုင်တွယ်ဖူးခဲ့သလို အသင်းအတွက် အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့လို့ နယူးဝဲလ်အသင်းရဲ့အိမ်ကွင်းကိုတောင် မာဆယ်လိုဘီယယ်ဆာကွင်းလို့ပါ ပြောင်းလဲနာမည်ပေးပြီး ဂုဏ်ပြုခံထားရပါတယ်။ မက်ဆီ ငယ်စဉ်ကတည်းက ဘီယယ်ဆာဟာ သူရဲ့Idol တစ်ယောက်ဖြစ်ခဲ့သလို ဘီယယ်ဆာကိုယ်တိုင်ကလည်း ဘီလ်ဘာအို မာဆေး လာဇီယို လိုင်လီ အစရှိတဲ့ အသင်းပေါင်းများစွာကို ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြံုကောင်းတွေ ရှိနေတဲ့အပြင် ပူပူနွေးနွေးလေးမှာပဲ လိဒ်စ်ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ထားနိုင်တာကြောင့် မက်ဆီက ဘီယယ်ဆာကို သူတို့အသင်းရဲ့နည်းပြ ဖြစ်လာစေချင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဘက်ကနေတော့ ဘီယယ်ဆာထက် ကစားသမားဟောင်း ကလွိုင်းဗက် ဒါမှမဟုတ် ပီအက်စ်ဂျီနည်းပြဟောင်း လောရန့်ဘလန့်တို့ကိုပဲ နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတာကြောင့် ဒီကိစ္စမှာလည်း မက်ဆီနဲ့ စိတ်သဘောထားချင်း ထပ်မံကွဲလွဲရဖွယ် ရှိနေပြန်ပါတယ်။