မနေ့ညလောက်ပဲ လီယွန်နယ်မက်ဆီအနေနဲ့ သူရဲ့ကလပ်အသင်း ဘာစီလိုနာနဲ့ စာချုပ်ချုပ်ဆိုသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားမှာဖြစ်ကာ သူရဲ့လုပ်ခလစာကိုတော့ (၅၀)%အထိကို လျှော့ယူသွားမှာဖြစ်တယ်လို့ သတင်းရင်းမြစ်များစွာကနေ ဖော်ပြလာခဲ့ပါတယ်။ ဇူလိုင်(၁)ရက်နေ့မှာပဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ပြည့်မြောက်သွားခဲ့လို့ Free Agent ကစားသမား ဖြစ်သွားခဲ့ရတဲ့ မက်ဆီဟာ မန်စီးတီး ပီအက်စ်ဂျီ အင်တာမီလန်အသင်းတွေနဲ့ သတင်းထွက်ခဲ့ရပေမယ့် မက်ဆီကိုယ်တိုင်ကတော့ အသင်းပြောင်းဖို့ထက် ဘာစီလိုနာမှာသာ ဆက်လက်ရှိနေချင်သူသာ ဖြစ်နေပါတယ်။

Photo Credit : GiveMeSport

အခုလက်ရှိအချိန်မှာ မက်ဆီဟာ သူရဲ့နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိက ဆုဖလားကြီးကို အရယူနိုင်ခဲ့ပြီး နိုင်ငံတကာပွဲစဉ်တွေကို ယှဉ်ပြိုင်လို့ ပြီးဆုံးသွားချိန်ဖြစ်တာကြောင့် ဒီအချိန်မှာ သူရဲ့အနာဂတ်ကို အသေအချာလေး စဉ်းစားနိုင်မှာဖြစ်ပြီး မက်ဆီကိုယ်တိုင်ကတော့ အသင်းအပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ထက် ဘောလုံးကောင်းကောင်းကစားနိုင်သေးတဲ့ အချိန်အထိ သူရဲ့ဘာစီလိုနာအသင်းမှာ ဆက်လက်ကစားသွားဖို့ကိုပဲ ဆုံးဖြတ်ချက်ချထားခဲ့ပါတယ်။ ဒါကြောင့် မက်ဆီက ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိုသာ ဆက်လက်လုပ်ဆောင်နေတာဖြစ်ပြီး လစာ(၅၀)%အထိ လျှော့ချခံရမယ်ဆိုရင်တောင် သူရဲ့သက်တမ်းတိုးမယ့်ကိစ္စကို အခက်အခဲမရှိ လုပ်ဆောင်ချင်နေတာဖြစ်ပါတယ်။

Photo Credit : NZ Herald

မက်ဆီဟာ ယခင်က ဘာစီလိုနာအသင်းမှာ တစ်ပတ်လုပ်ခကို ပေါင်(၂.၁)သန်းလောက်အထိ ရရှိနေတာဖြစ်လို့ (၅၀)%သာ လျှော့ယူရမယ်ဆိုရင် သူရဲ့တစ်ပတ်လုပ်ခက ပေါင်(၁.၂)သန်းဝန်းကျင်လောက် ရှိသွားရမှာဖြစ်ပေမယ့်လည်း ကမ္ဘာပေါ်က ဘောလုံးသမားတွေအားလုံးထဲမှာတော့ မက်ဆီရဲ့လခက အမြင့်မားဆုံးနေရာမှာသာ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့မဟာပြိုင်ဘက် ခရစ္စတီယာနိုရော်နယ်ဒိုက ဂျုဗင်တပ်စ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၉)သိန်းသာ ရရှိနေတာဖြစ်သလို သူရဲဲ့ဘာစီလိုနာအသင်းဖော်ဟောင်း နေမာဟာလည်း ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့တယ်ဆိုပေမယ့် သူက တစ်ပတ်ကို ပေါင်(၆)သိန်းကျေုာ်သာ ရရှိနေတာဖြစ်လို့ မက်ဆီက ကမ္ဘာ့လုပ်ခလစာအကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် ဆက်လက်ပြီးတော့ကို ရပ်တည်နေနိုင်ဦးမှာ ဖြစ်ပါတယ်။