MySport Myanmar

ဘင်ဖီကာကို ဂိုးသွင်းပြီး စံချိန်သစ်တစ်ခု ထပ်မံ ပိုင်ဆိုင်ခဲ့ပြန်တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီ ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့လို GOAT ကြီးတွေရဲ့ ဘောလုံးသမားဘဝတစ်လျှောက် ရယူပိုင်ဆိုင်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေ စံချိန်မှတ်တမ်းတွေကို တခြားသော ကစားသမားတွေက အမီလိုက်ဖို့ ဒါမှမဟုတ် ကျော်ဖြတ်ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်။ ဒီကစားသမားကြီးနှစ်ဦးလုံးက သူတို့ရဲ့ ကစားသမားဘဝတွေကို အဆုံးမသတ်သေးခင်အထိ ဘောလုံးလောကရဲ့ record အသစ်တွေကို မနားတမ်း ပုံဖော်နေနိုင်သလို အခုလည်း မက်ဆီက ချန်ပီယံလိဂ်မှာ record အသစ်တစ်ခု ထပ်မံ ပိုင်ဆိုင်ခဲ့ရပြန်ပါတယ်။

Photo Credit : Bola Okezone

ဒီနှစ်ဘောလုံးရာသီ အထူးသဖြင့် ပီအက်စ်ဂျီ ကစားသမားဘဝ ဒုတိယမြောက်ရာသီမှာ အသင်းနဲ့ ပိုမို အသားကျလာခဲ့တဲ့ မက်ဆီဟာ သွင်းဂိုးတွေ ပိုမို သွင်းယူလာနိုင်ခဲ့သလို ဂိုးဖန်တီးမှုတွေလည်း အကြိမ်ရေများစွာ လုပ်ဆောင်လာခဲ့ပါတယ်။ မက်ဆီက ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် (၁၃)ပွဲ ကစားပေးထားနိုင်ပြီး (၈)ဂိုးသွင်း (၈)ဂိုးဖန်တီးပေးထားနိုင်သလို နောက်ပိုင်းပွဲတွေမှာလည်း မက်ဆီရဲ့သွင်းဂိုးတွေကို ဆက်တိုက်ဆိုသလို မြင်တွေ့လာခဲ့ရပါတယ်။ အခုလည်း မက်ဆီက မနေ့ညက ကစားသွားခဲ့တဲ့ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပဲ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူသွားခဲ့ပါသေးတယ်။

Photo Credit : Detik Sports

တကယ်တော့ မက်ဆီ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ ဂိုးမသွင်းယူခဲ့ဖူးတဲ့ ကလပ်အသင်းဆိုလို့ မရှိသလောက်ကို အလွန်ရှားပါတယ်။ ဒါပေမယ့် မက်ဆီ ချန်ပီယံလိဂ်ဂိုး မသွင်းနိုင်သေးတဲ့ အသင်းတွေထဲမှာ ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာလည်း ပါဝင်လို့နေပါတယ်။ ဒါပေမယ့် အခုအကြိမ်မှာတော့ မက်ဆီအနေနဲ့ ဘင်ဖီကာဘက်ကို ဂိုးစတင် သွင်းယူနိုင်ခဲ့ပြီဖြစ်လို့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း မက်ဆီ ဂိုးသွင်းနိုင်ခဲ့ဖူးတဲ့ အသင်းအရေအတွက်က အသင်း(၄၀)အထိ ရှိသွားခဲ့ရပြီ ဖြစ်ပါတယ်။ မက်ဆီက ချန်ပီယံလိဂ်မှာ ပြိုင်ဘက်အသင်းပေါင်း (၄၄)သင်းနဲ့ ရင်ဆိုင်ခဲ့ရာ အင်တာမီလန် အသက်လက်တီကို ရူဘင်ကာဇန်နဲ့ အူဒီးနီးစ်တို့ကိုပဲ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီး ဘင်ဖီကာကိုတော့ (၃)ကြိမ်မြောက် တွေ့ဆုံမှုမှာပဲ ဂိုးစတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မက်ဆီက ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း စုစုပေါင်း သွင်းဂိုး (၁၂၇)ဂိုးအထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှုမှာလည်း (၄၂)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

Exit mobile version