မကြာခင်မှာ ကျင်းပတော့မယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲဖြစ်တဲ့ Ballon d’Or ဆုအတွက် ကမ္ဘာကျော် ဘောလုံးသမားတစ်ဦးဖြစ်သူ လီယွန်နယ်မက်ဆီကသာ သူ့အတွက် သတ္တမအကြိမ်မြောက်အဖြစ် ပိုင်ဆိုင်ရနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်လို့နေပြီး မက်ဆီကိုယ်တိုင်ကတော့ သူ ဒီဆုကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မထင်မိကြောင်းနဲ့ တကယ်လို့ ရရှိမယ်ဆိုရင်တော့ သူ့အတွက် အရမ်းကို ရူးသွပ်စေရလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SPORTbible

(၆၅)ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်သွားမယ့် Ballon d’Or ဆုပေးပွဲကို နိုဝင်ဘာလ(၂၉)ရက်နေ့ France Football ကနေ ကြီးမှူးကျင်းပသွားမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း ဒီဆုကို (၆)ကြိမ်မြောက်အဖြစ် ပိုင်ဆိုင်ထားတဲ့ မက်ဆီကပဲ (၇)ကြိမ်မြောက်အဖြစ် အကြိမ်ရေအများဆုံး ပိုင်ဆိုင်နိုင်တဲ့ ကစားသမားဖြစ်လာဖို့ အလွန်ကို ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒီလို ရေပန်းစားနေတဲ့အပြင် ဆုပေးပွဲမတိုင်ခင် ထွက်ပေါ်နေတဲ့ ကောလဟာလတစ်ခုမှာလည်း မက်ဆီကသာ (၇)ကြိမ်မြောက် Ballon d’Or ဆုကို ရရှိသွားပြီလို့ပါ ဖော်ပြလာခဲ့တာကြောင့် ဒီသတင်းတွေကို France Football ဘက်ကနေပါ ပြန််လည်ဖြေရှင်းခဲ့ရပါသေးတယ်။

Photo Credit : CNN

ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး မက်ဆီက “ကျွန်တော် ရိုးရိုးသားသား ပြောရရင်တော့ ကျွန်တော် ဒီတစ်ကြိမ် ထပ်ပြီးရရှိနိုင်မယ်ဆိုတာကို မထင်မိပါဘူး။ ကျွန်တော့်အတွက် အကြီးမားဆုံး ဆုကြီးတစ်ခုကတော့ နိုင်ငံအသင်းနဲ့အတူ ရရှိပိုင်ဆိုင်ခဲ့ရပါပြီ။ ဒီအောင်မြင်မှုအတွက် အများကြီး ရုန်းကန်တိုက်ပွဲဝင်ခဲ့ပြီးတဲ့နောက်မှာ ဒီပေးဆပ်မှုအားလုံးနဲ့ ထိုက်တန်တဲ့ အကောင်းဆုံးသော အောင်မြင်မှုကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ တကယ်လို့များ Ballon d’Or ဆုကို ပိုင်ဆိုင်လိုက်ရမယ်ဆိုရင်တော့ နောက်ထပ်အောင်ပွဲကြီးတစ်ခုကို ရရှိလိုက်ရသလို အဓိပ္ပာယ်မျိုး သက်ရောက်နိုင်သလို အရမ်းထူးခြားခမ်းနားနေမှာ။ (၇)ကြိမ်မြောက်ဆုကတော့ ကျွန်တော့်အတွက် ရူးသွပ်စေမှာ အမှန်ပဲ။ တကယ်လို့ မရလာခဲ့ရင်လည်း ဘာမှမဖြစ်ပါဘူးး။ ကျွန်တော်က ကျွန်တော်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို ပြည့်ဝအောင် လုပ်ဆောင်ထားနိုင်ခဲ့ပြီးသားမို့ပါ။ အခုလက်ရှိမှာတော့ ဘာတွေပဲဖြစ်လာဖြစ်လာ အရင် ကျွန်တော်လုပ်ဆောင်ခဲ့တာတွေအတွက် အားရပျော်ရွှင်ပြီးသားပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။