စပိန်နိုင်ငံရဲ့ နာမည်ကျော်သတင်းစာတစ်စောင်ဖြစ်တဲ့ မာကာကနေ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲအတွက် နေရာအလိုက် အကောင်းဆုံးဘောလုံးသမားတွေအတွက် မဲပေးရွေးချယ်မှုတွေ ပြုလုပ်ခဲ့ရာမှာ လာလီဂါရဲ့အကောင်းဆုံးဘောလုံးသမားအဖြစ် မဲပေးခဲ့ကြတဲ့ ပရိသတ်များစွာက ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီထက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ကာရန်ဘန်ဇီမာကိုပဲ မဲအများဆုံးအဖြစ်နဲ့ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Sportkeeda

ဒီရာသီမှာ ရီးရဲလ်အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အကောင်းဆုံးခြေစမ်းပြပြီး လာလီဂါသွင်းဂိုး (၂၁)ဂိုးအထိကို သွင်းယူနိုင်ခဲ့တဲ့ ဘန်ဇီမာဟာ သူ့ထက် သွင်းဂိုး(၄)ဂိုး ပိုမိုသွင်းယူနိုင်ကာ လာလီဂါရွှေဖိနပ်ဆုကို ပိုင်ဆိုင်ထားခဲ့တဲ့ မက်ဆီကိုတောင် ကျော်လွန်ပြီး လာလီဂါရဲ့တစ်ရာသီအတွင်း အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးကြားမှ မဲရရှိမှုက ကွာဟချက် ကြီးကြီးမားမားရှိမနေပဲ ဘန်ဇီမာက မက်ဆီထက် မဲရာခိုင်နှုန်း ၄%အသာနဲ့ ပထမနေရာကို ရယူနိုင်တာဖြစ်ကာ တတိယနေရာမှာတော့ (၁၄)%နဲ့ ဆာဂျီယိုရာမို့စ်က ရပ်တည်လျက်ရှိနေပါတယ်။

Photo Credit : Real Madrid CF

လာလီဂါချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့တဲ့ ရီးရဲလ်အသင်းသားတွေဖြစ်တဲ့ ကော်တွိုက်စ် ရာမို့စ် ကတ်စ်မဲရိုးနဲ့ ဘန်ဇီမာတို့ (၄)ဦးလုံးက နေရာအလိုက် အကောင်းဆုံးကစားသမားတွေအဖြစ် ရွေးချယ်ခံခဲ့ရသလို အကောင်းနည်းပြကိုလည်း ရီးရဲလ်ဇီဒန်းကပဲ ရွေးချယ်ခံခဲ့ရပါတယ်။ အကောင်းဆုံးလူခေါ်မှုအဖြစ် ဆီဗီလာတိုက်စစ်ကစားသမား လူးကပ်စ်အိုကမ်ပို့စ်က (၃၈)%နဲ့ ပထမနေရာကနေ ရွေးချယ်ခံခဲ့ရပြီး လိုင်ယွန်ကနေ ရီးရဲလ်ကို ရောက်ရှိလာခဲ့တဲ့ ဖာလန်းမန်ဒီက (၁၈)%နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အဆိုးရွှားဆုံး လူခေါ်ယူမှုအဖြစ် ဖရန့်ဖတ်အသင်းကနေ ရီးရဲလ်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးလူကာဂျိုဗစ်က (၂၉)%နဲ့ ရွေးချယ်ခံခဲ့ရာ သူရဲ့နောက်မှာ အီဒင်ဟာဇက်နဲ့ အန်တိုနီယိုဂရစ်ဇ်မန်းတို့က အသီးသီးရပ်တည်နေပါတယ်။ ဒီရာသီရဲ့ လာလီဂါအကောင်းဆုံးလူငယ်ကစားသမားအဖြစ် အန်ဆူဖာတီနဲ့ ဗယ်ဗာဒီတို့ကိုကျော်လွန်ပြီး ရီးရဲလ်ကနေ ဆိုစီဒက်အသင်းမှာ အငှားနဲ့ လာရောက်ကစားနေတဲ့ နော်ဝေကွင်းလယ်လူလေး မာတင်အိုဒီဂတ်က ရွေးချယ်ခံလိုက်ရပါတယ်။ တစ်နှစ်တာအတွင်း အထူးချွန်ဆုံး လာလီဂါအသင်းအဖြစ် အဆင့်(၇)နဲ့ရာသီသိမ်းပြီး ယူရိုပါလိဂ်ကို ခြေစစ်ပွဲကနေ ဝင်ရောက်ကစားခွင့်ရခဲ့တဲ့ ဂရန်နာဒါအသင်းက မဲပေါင်း(၉၄)%နဲ့ အရွေးချယ်ခံလိုက်ရပါတယ်။