ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကတော့ အသင်းအတွင်း ဖြစ်ပွားနေတဲ့ ပြသာနာရပ်တွေအပေါ် စိတ်ပျက်လျက်ရှိနေတာကြောင့် သူဆယ်ကျော်သက်အရွှယ်ကနေ အခုလက်ရှိအချိန် ပါဝင်ကစားနေတဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားချင်နေပြီး သူနဲ့ ဘာစီလိုနာအသင်းတို့ကြား ချုပ်ဆိုထားတဲ့စာချုပ် သက်တမ်းကုန်ဆုံးသွားမယ့် ၂၀၂၁ခုနှစ်မှာပဲ အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၃၃)နှစ်အရွှယ် အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၄ခုနှစ်ကနေစတင်ပြီး ဘာစီလိုနာအသင်းမှာ ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ အသင်းအတွင်း ကစားသမား နည်းပြ အသင်းတာဝန်ရှိသူတွေကြားမှာ ဆက်ဆံရေးပိုင်းတွေ ကောင်းမွန်ခြင်းမရှိတဲ့ ပြသာနာတွေအပေါ် ဒေါသထွက်လျက်ရှိနေပြီး သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးသွားမယ့် ၂၀၂၁ခုနှစ် ဇူလိုင်လမှာပဲ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ စပိန်ရေဒီယို Cadena SER ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bangkok Post

မက်ဆီဟာ ဆယ်တာဗီဂိုနဲ့ ဘာစီလိုနာအသင်းတို့ တစ်ဖက်ကို (၂)ဂိုးစီ သရေကျခဲ့ရတဲ့ ပွဲစဉ်အတွင်းမှာလည်း အသင်းရဲ့လက်ထောက်နည်းပြ ညွှန့်ကြားပြောဆိုမှုတွေကို လစ်လျူရှခဲ့သလို လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကလည်း နည်းပြဟောင်းဗယ်ဗာဒီ ထုတ်ပယ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး အသင်းရဲ့ဒါရိုက်တာဖြစ်တဲ့ အယ်ဘီဒယ်နဲ့လည်း စကားအချေအတင်ဖြစ်ခဲ့ရပါသေးတယ်။ လက်ရှိမှာလည်း မက်ဆီအပါအဝင် ကစားသမားတော်တော်များများက နည်းပြဆယ်တီယန်နဲ့အဖွဲ့ကို သိပ်မကြည်ဖြူပဲ အသင်းရဲ့ ကွင်းလယ်ကစားသမားအာသာကို ဂျုဗင်တပ်စ်အသင်းဆီ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တဲ့ အသင်းရဲ့ဥက္ကဌဖြစ်သူ ဘာတိုမြူကိုလည်း အမြင်မကြည်မလင် ဖြစ်နေကြပါတယ်။ ဒီလို ကိစ္စတွေကြောင့် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ သူရဲ့ကစားသမားဘဝ ကုန်ဆုံးထိ မဖြတ်သန်းလိုတော့ပဲ အခြားသော ကလပ်အသင်းတစ်သင်း ဒါမှမဟုတ် သူငယ်စဉ်က ပါဝင်ကစားခဲ့တဲ့ အာဂျင်တီးနား ကလပ်အသင်း နယူးဝဲလ်အိုးဘွိုင်းအသင်းဆီကို ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ အားကစားမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။