ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် အဲဗာတန် အသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ အသင်းရဲ့ ပွဲထွက် လူစာရင်းနဲ့ ကာလရှည် ဝေးကွာနေတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ ပြန်လည် ပါဝင်လာမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန်ည ၂နာရီခွဲ အချိန်မှာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်အဖြစ် အဲဗာတန်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲဟာ သူတို့အသင်း အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲလို့ သတ်မှတ်ရင်လည်း မမှားပါဘူး။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ဆုဖလား ရရှိခြင်း မရှိတာဟာ ၂ရာသီ ရှိနေပြီ ဖြစ်တာကြောင့် လက်ရှိ ဘောလုံးရာသီမှာ ဆုဖလား တစ်လုံးကို ရယူဖို့ မဖြစ်မနေ လိုအပ်နေပြီး ကွာတားဖိုင်နယ် အဆင့်အထိ ရောက်ရှိနေတဲ့ ကာရာဘောင်းဖလားဟာ သူတို့အသင်း အတွက် ရရှိဖို့ အလွယ်ကူဆုံး ပစ်မှတ် တစ်ခုပဲ ဖြစ်ပါတယ်။ အရေးကြီး ပွဲစဉ်တစ်ခု ဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ ကာလရှည် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ကို ထည့်သွင်း အသုံးပြုသွားဖွယ် ရှိကြောင်း ဆိုးလ်ရှားက အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၈နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ တစ်ချိန်က အသင်းရဲ့ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမား တစ်ဦးဖြစ်ခဲ့ပေမယ့် ယခုနှစ်မှာတော့ အသင်းအတွက် ပွဲကစားချိန် ၉မိနစ်သာ ကစားထားရသူ ဖြစ်ပါတယ်။

Photo Credit: Standard

ဆိုးလ်ရှားကတော့ လင်ဂတ်အနေနဲ့ ဘာ့ကြောင့် အသင်းရဲ့ လူစာရင်းမှာ မပါဝင်ခဲ့လဲ ဆိုတဲ့ အချက်ရယ် ၊ အဲဗာတန်အသင်းနဲ့ ပွဲစဉ်အတွက် လူစာရင်းမှာ လင်ဂတ်ကို ထည့်သွင်း အသုံးပြုသွားမယ့် အကြောင်းကို ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။ ဆိုးလ်ရှားက “ဟုတ်ပါတယ်။ ဂျက်ဆီ(လင်ဂတ်) က အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ပါဝင်လာမှာပါ။ သူက လေ့ကျင့်ရေး အစီအစဉ်တွေမှာ အရမ်းကို အလုပ် ကြိုးစားခဲ့ပါတယ်။ သူဟာ ကံမကောင်းစွာနဲ့ပဲ ကိုဗစ်ပိုး ကူးစက်ခံရတဲ့ လူတွေနဲ့ မကြာခဏ ဆုံမိခဲ့ပြီး မကြာခဏဆိုသလို တစ်ယောက်ထဲ သီးသန့် ခွဲနေခဲ့ရပါတယ်။ ဒါပေမယ့် သူက ကိုဗစ်ပိုး ကူးစက်မှု မခံခဲ့ရပါဘူး။ သူက အတော်လေးကို ကံမကောင်းမှုတွေနဲ့ ကြုံခဲ့ရပြီး လေ့ကျင့်ရေးကွင်းနဲ့ အနည်းငယ် ဝေးကွာခဲ့ရပါတယ်။ အခုချိန်မှာ သူက အလုပ်ကြိုးစားတာကြောင့် အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ပါဝင်လာမှာပါ။ သူဟာ ဗုဒ္ဓဟူးနေ့အတွက် လူစာရင်းမှာ ပါဝင်လာပါလိမ့်မယ်” လို့ ပြောကြား သွားခဲ့ပါတယ်။