ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ အကယ်ဒမီမှ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာဖို့အတွက် ပြင်ဆင်ထားတယ် လို့ သိရှိရပါတယ်။ အသက်၂၇နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျက်စီလင်ဂတ်ဟာ မန်ယူအသင်းမှာ ကာလရှည် ရှိနေခဲ့သူတစ်ဦးဖြစ်ပြီး အငှား ကစားသမားဘဝနဲ့ ချန်ပီယံရှစ်မှာ နှစ်အတန်ကြာအောင် ကျင်လည်ခဲ့ရကာ ဗန်ဟားရဲ့ လက်ထက်မှာတော့ မန်ယူအသင်းမှာ ကစားခွင့် ကို စတင်ရရှိလာခဲ့သူပါ။

Photo Credit: Football365.com

အဲ့ဒီနောက်မှာတော့ လင်ဂတ်ဟာ မန်ယူအသင်းမှာ ပွဲထွက်ကစားခွင့် တစ်နေရာကို ရရှိခဲ့ပြီး အသင်းမှာ ခြေစွမ်းကောင်းတွေကို ထုတ်ဖော် ပြသနိုင်ခဲ့တာကြောင့် အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပါဝင်ကစားခွင့်​တွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့လက်ထက်မှာတော့ လင်ဂတ်ရဲ့ ခြေစွမ်းတွေဟာ အံ့အားသင့်စရာကောင်းအောင်ကိုပဲ ဆိုးရွားလွန်းနေပြီး ၂၀၁၉ခုနှစ်အတွင်းမှာဆိုရင် ပရီးမီးယားလိဂ်မှာ မန်ယူအသင်းအတွက် သွင်းဂိုး တစ်ဂိုးမှကို မသွင်းယူပေးနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း လင်ဂတ်ဟာ လက်ရှိ မန်ယူအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ထားခံနေရတာပါ။

Photo Credit: Football365.com

 

မန်ချက်စတာမြို့အခြေစိုက် သတင်းဌာနတွေကတော့ လင်ဂတ်ဟာ မန်ယူအသင်းမှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေရတာ မှန်ပေမယ့် သူဟာ ဥရောပဘောလုံးရပ်ဝန်းရဲ့ အကောင်းဆုံး နံပါတ်၁၀ ကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေသေးကြောင်း ယုံကြည် နေပြီး သူ့ရဲ့ အေးဂျင့်အသစ်ဖြစ်တဲ့ ရိုင်းအိုလာရဲ့ အကူအညီနဲ့ ရာသီကုန်မှာ အသင်းပြောင်းဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း မန်ယူအသင်းက လာမယ့် ရာသီမှာ အောင်မြင်မှုတွေ ပြန်လည်ရရှိစေဖို့ အတွက် ကစားသမားသစ်ခေါ်ယူမှုတွေကို လုပ်ဆောင်မှာဖြစ်သလို ရှိရင်းစွဲ ကစားသမားတွေထဲက အသုံးမလိုတဲ့သူတွေကို ရောင်းချမှာ ဖြစ်တာကြောင့် အဆိုပါ ကစားသမားတွေထဲမှာ လင်ဂတ်ဟာ ပါဝင်သွားဖို့ရှိကြောင်း သိရှိထားရပါတယ်။