ဝက်စ်ဟမ်းယူနိုက်တက်အသင်းမှာ ရာသီအကုန်အထိ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်က သူ့ကို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခဲ့တဲ့ အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က သူရဲ့မူလကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ တခြားသော ကလပ်အသင်းတစ်ခုခုဆီကို အငှားနဲ့ ပြောင်းရွှေ့ကစားဖို့အတွက် အကြံညဏ်ပေးခဲ့တာဖြစ်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ကွင်းလယ်လူ လင်ဂတ်ဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ရော ပုံမှန်နေရာရဖို့ကိုပါ ရုန်းကန်နေရတာဖြစ်ပြီး အခုနှစ်ရဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာတော့ မထင်ထားလောက်အောင်ကို ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနေတာကြောင့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကပါ သူ့ကို လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွင်း ပါဝင်ကစားခွင့် ရတော့မှာဖြစ်ပါတယ်။

Photo Credit : The US Express News

အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့ပတ်သက်ပြီး လင်ဂတ်က “သူက ကျွန်တော့်ကို ယုံကြည်ချက်တွေများစွာ ပေးခဲ့သလို အားပေးထောက်ပံ့မှုတွေလည်း ပြသခဲ့ပါတယ်။ သူကြောင့်ပဲ ကျွန်တော် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပွဲထွက်ခဲ့ရတာပါ။ အဲ့ဒီအတွက်လည်း အရမ်းကို ဂုဏ်ယူရပါတယ်။ ကျွန်တော်က အသင်းမှာ ပါဝင်ကစားခွင့်တွေ ပျောက်ဆုံးနေချိန်မှာတောင် သူနဲ့ အဆက်အသွယ်မပြတ် ရှိနေခဲ့ပါတယ်။ သူက ကျွန်တော် ဘာတွေကို လုပ်ဆောင်သင့်လဲဆိုတာကို အကြံပေးတယ်။ သူပေးတဲ့ အကြံညဏ်ကြောင့်လည်း ကျွန်တော့်အတွက် မှန်ကန်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ခဲ့ရတယ်။ သူကပြောပါတယ်။ ငါသာ မင်းနေရာမှာဆိုရင် ပရီးမီးယားလိဂ်မှာပဲ ငါဆက်ရှိနေမယ်ဆိုပြီး။ သူဒါကို ပြောဆိုပြီးတဲ့နောက်မှာတော့ ကျွန်တော်နဲ့ သင့်တော်မယ့် ပရီးမီးယားလိဂ် ကလပ်အသင်းကို ရှာဖွေတယ်။ အဲ့ဒီထဲကမှ ဝက်စ်ဟမ်းအသင်းက ကျွန်တော်အတွက် အသင့်တော်ဆုံးအသင်း ဖြစ်လာခဲ့ရတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၇)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၅)ဂိုး သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၃)ကြိမ် ပြုလုပ်ထားခဲ့ကာ အတော်လေးကို ခြေစွမ်းပြထားခဲ့ပါတယ်။