ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဆီ လင်ဂတ်ဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ အန်ဒိုရာအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ခပ်ဆန်းဆန်း အောင်ပွဲခံမှု တခုကို ပြုလုပ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းက အန်ဒိုရာအသင်းကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လင်ဂတ်ဟာ ထူးရှယ် ခြေစွမ်းကောင်းတရပ်ကို ပြသနိုင်ခဲ့ပြီး သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Daily Star

လင်ဂတ်ဟာ အန်ဒိုရာအသင်းနဲ့ပွဲစဉ်မှာ ပွဲကစားချိန် ၁၈မိနစ်မှာပဲ အင်္ဂလန်အသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဂိုးသွင်းနိုင်ပြီးတဲ့နောက်မှာ လင်ဂတ်ဟာ သူ့ရဲ့ နာမည်ကျော် အောင်ပွဲခံဟန် ဖြစ်တဲ့ JLingz အောင်ပွဲခံပုံစံနဲ့ အသင်းဖော်သစ် ရိုနယ်ဒိုရဲ့ နာမည်ကျော်ရဲ့ အောင်ပွဲခံဟန် siuuu အောင်ပွဲခံပုံစံကို ရောယှက်ကာ ခပ်ဆန်းဆန်း အောင်ပွဲခံခဲ့ပါတယ်။

လင်ဂတ်ဟာ လက်နှစ်ဖက်နဲ့ သူ့ရဲ့ JLingzပုံစံ အောင်ပွဲခံမှုကို ပြုလုပ်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ ရိုနယ်ဒိုစတိုင် ခန္ဓာကိုယ်ကို တပတ်လှည့်ကာ ခပ်ဆန်းဆန်း အောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လင်ဂတ်ရဲ့ အောင်ပွဲခံတဲ့ ပုံစံကို လူကြိုက်များနေပြီး လင်ဂတ်ကတော့ သူဟာ ဒီလိုမျိုး အောင်ပွဲခံဖို့ကို တပတ်လုံးလုံး စဉ်းစားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Daily Star

သူ့ရဲ့ အောင်ပွဲခံဟန်နဲ့ ပတ်သတ်ပြီး လင်ဂတ်က – “ကျွန်တော်နဲ့ မေဆန်မောင့်တို့က ဒီလိုပုံစံ အောင်ပွဲခံဖို့ကို ဒီတပတ်လုံး စဉ်းစားခဲ့ကြတာပါ။ ကျွန်တော်နဲ့ သူက ရိုနယ်ဒိုရဲ့စတိုင်နဲ့ ကျွန်တော့်ရဲ့ စတိုင်ကို ပေါင်းစပ်ခဲ့ကြပြီး ကျွန်တော်သာ ဂိုးသွင်းနိုင်ခဲ့ရင် ဒီလိုမျိုး အောင်ပွဲခံမယ်လို့ သူ့ကို ပြောခဲ့ပါသေးတယ်။ ဒါက ရိုနယ်ဒို အတွက် သေးငယ်တဲ့ ကြိုဆိုမှု လက်ဆောင်လေး ဆိုရင်လည်း မမှားပါဘူး။ သူက အသင်းမှာ ခပ်မြန်မြန်ပဲ အသားကျပြီး အသင်းကို အကောင်းဆုံး ကူညီနိုင်မယ်လို့ ယုံကြည်ထားပါတယ်” လို့ ပြောကြားခဲ့တာပါ။